ပျောက်သောလမ်း
ပျားရည်လို
မချိုသောဒုက္ခများ
အလိုမတူပဲ
တရှိုက်မက်မက်ကြိုက်နှစ်သက်ခဲ့ဘူးတယ်
အမေ။
ရင်ဘတ်ပြူတင်းတံခါးကိုလည်း
ပိတ်ထားခဲ့သလား
ဖွင့်ထားမိသလား
မပီဝိုးတ၀ါးနဲ့
တံလျှပ်တွေကို
အငမ်းမရသောက်နေခဲ့ရပြီး
ပျောက်နေတဲ့
လရောင်အတွက်
အသဲကွဲနေရသူပါအမေ။
မိုက်မှားမိခဲ့တယ်
(အမေရဲ့သွန်သင်ချက်တွေကြားက)
နေရောင်လရောင်
ကြယ်ရဲ့အရောင်တွေ မသိအောင်ကိုပဲ
မိုက်လုံးကြီးတွေ
ဝေေ၀ဆာဆာနဲ့
မိုက်မှားမိခဲ့ပါတယ်.
. . အမေ။
အမေဖြစ်စေချင်တာတွေကို
ကျနော်ကပစ်ပယ်
ကျနော်ဖြစ်ချင်တာတွေကို
အမေကနားလည်
စုန်ရေရဲ့
သဘောကို ရင်နဲ့ခံစား
သိနားလည်လာတဲ့အခါ
ကျနော်က အမေ့ရဲ့ဝေးရာမှာပါ
အမေ။
အမေ့ရင်က ထွက်ခွါပျံသန်း
လျှောက်ခဲ့တဲ့လမ်း
သုံးဆယ်ခြောက်နှစ်ခရီးကြမ်းမှာ
ဘ၀ရဲ့ အရသာ
ချိုတ၀က် ခါးတ၀က်
အတွေ့အကြုံတွေနဲ့
ရင့်ကျက်ခဲ့ပြီးမှ
ပိုင်ဆိုင်တာတွေ
ပြန်လှဲ့ကြည့်တဲ့အခါ
ဇနီး သား သမီးနဲ့
အကြွေး
မရေရာတဲ့ အနာဂါတ်လဲပါသေးရဲ့
အမေ။
ညတည ရဲ့ချောက်အိပ်မက်တခုလို
ဒုက္ခတွေနဲ့အိပ်ရာကနိုးထ
ကျနော်မျက်ရည်စတွေနဲ့
ကြေကွဲရပါရဲ့အမေ။
ကံကိုယုံလို့
ဆူးပုံ နင်းတဲ့သား
ဘ၀ရဲ့ခက်ခဲကြမ်းတမ်းမှု
ဆူးတွေကြားမှာ
အမေ့ရဲ့မေတ္တာအေးရိပ်
ချွေးသိပ်ချင်မိတဲ့
တောင့်တစိတ်က
တိတ်တဆိတ်ဝင်ရောက်
သောကအမောတွေဖေါက်လို့
အမေရယ်အခုများတော့
အမေ့ဆီကရခဲ့တဲ့အမွေဗီဇ
စာ ကဗျာ ဂီတတွေနဲ့
ဘ၀ကိုမြိုမြိုချနေမိရဲ့
အမေ။

ပွင့်လျှင်လည်းနမ်းနွမ်းလျှင်လည်းကောက်
ခြောက်လျှင်လည်းသိမ်းတိမ်းညွတ်တွယ်မက်
သည်တစ်သက်မှာတစ်ပွင့်သာလေ…
စွဲလမ်းနေမည်ဝေေ၀ကြွေကြွေမြတ်နိုး၏…
မောင်စိန်ဝင်း(ပုတီးကုန်း)




နှောင်ကြိုးရစ်ငင်
လှုပ်တိုင်းနင်သည်
ရှေ့တိုးလည်းနစ်
နောက်ဆုတ်ခက်မို့
တန့်လည်းအဆိုး
သည်အမျိုးသည်
ရင်၌တည်၏။
သူ (သရက်)

နင့်ဒုက္ခတွေကို ငါ့ကိုပြောပြပါ
ဒါပေမယ့်
ငါ့ဒုက္ခတွေကိုတော့နင်မသိချင်ပါနဲ့
နင့်စိတ်ညစ်မှုတွေ ငါ့ကိုပြောပြပါ
ဒါပေမယ့်
ငါ့စိတ်ညစ်မှုတွေကိုတော့ နင်မသိချင်ပါနဲ့
နင့်လိုအပ်ချက်တွေငါ့ကိုပြောပြပါ
ဒါပေမယ့်
ငါ့လိုအပ်မှုတွေကိုတော့နင်မသိချင်ပါနဲ့
နင့်မျက်ရည်တွေ ငါ့ရင်ခွင်မှာငိုကြွေးပါ
ဒါပေမယ့်
ငါ့မျက်ရည်တွေကိုတော့ နင်ဘယ်တော့မှ မတွေ့စေရပါဘူး
နင့်မကျေနပ်ချက်တွေငါ့အပေါ်ပုံချပါ
ဒါပေမယ့်
ငါ့မကျေနပ်ချက်တွေကို နင်မသိစေရပါဘူး
နင့်အတ္တတွေနဲ့ငါ့ကိုရိုက်ချိုးပါ
ဒါပေမယ့်
ငါ့မှာတော့ နင့်အတွက် ဘာအတ္တမှ မရှိပါဘူး
နင့်ဆုံးရှုံးမှုတွေအတွက် ငါဟာ ကွပ်လပ်အဖြည့်ခံပါ
ဒါပေမယ့်
နင်နဲ့ဝေးခြင်းကသာ ငါ့အတွက်အကြီးမားဆုံး ဆုံးရှုံးမှုကြီးပါ
သက်တန့်ချို

ရင်မှာလွမ်းရင်
မျှော်တိုင်းမြင်လွန်းလို့ 
လက်ညှိုးညွှန်ရာ
သူဖြစ်ပါစေသား အရှင်ဘုရား …။
တာရာမင်းဝေ (ပန်းခေတ်က လမင်း)

ပြိုမယောင်
ဟိုတောင်က မိုး….. ။
လေအဝှေ့မှာတော့
ရေငွေ့တွေဘယ်ဆီတိမ်းပါလို့
ဘယ်ယိမ်းကာ ဘယ်ကိုပါသလဲ
ဝေဒနာပူပူသရွေ့ကို
ကွယ်….
သူမေ့မှာစိုး ………။
မောင်စိန်ဝင်း (ပုတီးကုန်း)

မေ ….
နေ အရမ်းပူပေမယ့် ခြေလှမ်းအတူ လှမ်းပြီး
နွေလမ်းထဲမှာ လျှောက်ချင်တယ် ။
နွေမှာ …
ပိတောက် ..
ရေလာသောက်တယ် ။
နွေနဲ့  ပိတောက်,
ရွှေနဲ့  ကျောက်လို
( မောင်လည်း ) …
မေ နဲ့  နှစ်ယောက်တည်း နေချင်တယ်… ။
မောင်လှမျိုး (ချင်းချောင်းခြံ)

အဝေးကို ငေးကြည့်နေရင်း
သတိရတတ်စွာ၊ ငဲ့ကြည့်လိုက်တဲ့အခါ
မင်း . . . , အနားမှာ ရှိတယ်။
အနီးအနားမှာ
မင်း . . . မရှိတဲ့အခါ
အဝေးကို တွေးကြည့်ရင်း
မင်း
ငြိမ်းချမ်းပါစေကွယ်
ဆုတောင်းဖြစ်တယ် . . .။
ငှက်မောင်နှံတစ်စုံ
တောင်ပံဟုန်ဖွင့် ၊ သီကျူးရင့်တဲ့အခါ
မင်းနဲ့ . . . ငါ
ငှက်ကလေးနှစ်ကောင် ဖြစ်ချင်တယ်။
ငှက်တစ်ကောင်တည်း
အဖော်ကွဲစွာ၊ ကျူးရင့်တဲ့အခါ . . . ၊
ရင်မှာ လှပ်ခနဲ ၊ မျက်နှာလွှဲပြီး
အသည်းထဲက . . . မင်း
ကွေကွင်းခြင်းမှ ၊ ကင်းပ, ဝေဒနာ
ဖြေသာစေဖို့,
ငါသာ အထီးကျန် ၊ ကောင်းကင်ယံမှာ
အတောင်ပံ တဖျက်ဖျက် ခတ်လိုက်တယ် . . .။ ။
မောင်လှမျိုး(ချင်းချောင်းခြံ)
ချစ်သူ၏ အစွန့်ခံ လူသားအဖြစ်
သူ့အားပစ်ခွင်း
မြတ်နိုးခြင်း… မြား ထိပါးသမျှ၊
သတိရခြင်းကင်း၍
အေးမြချမ်းမြေ့ပါစေ…
(ကိုယ့်အတွက်တော့)
ဝေးသမျှ နာကြင်ပါစေသား…။
၈.၉.၂၀၁၁