ပျောက်သောလမ်း
ပျားရည်လို
မချိုသောဒုက္ခများ
အလိုမတူပဲ
တရှိုက်မက်မက်ကြိုက်နှစ်သက်ခဲ့ဘူးတယ်
အမေ။
ရင်ဘတ်ပြူတင်းတံခါးကိုလည်း
ပိတ်ထားခဲ့သလား
ဖွင့်ထားမိသလား
မပီဝိုးတ၀ါးနဲ့
တံလျှပ်တွေကို
အငမ်းမရသောက်နေခဲ့ရပြီး
ပျောက်နေတဲ့
လရောင်အတွက်
အသဲကွဲနေရသူပါအမေ။
မိုက်မှားမိခဲ့တယ်
(အမေရဲ့သွန်သင်ချက်တွေကြားက)
နေရောင်လရောင်
ကြယ်ရဲ့အရောင်တွေ မသိအောင်ကိုပဲ
မိုက်လုံးကြီးတွေ
ဝေေ၀ဆာဆာနဲ့
မိုက်မှားမိခဲ့ပါတယ်.
. . အမေ။
အမေဖြစ်စေချင်တာတွေကို
ကျနော်ကပစ်ပယ်
ကျနော်ဖြစ်ချင်တာတွေကို
အမေကနားလည်
စုန်ရေရဲ့
သဘောကို ရင်နဲ့ခံစား
သိနားလည်လာတဲ့အခါ
ကျနော်က အမေ့ရဲ့ဝေးရာမှာပါ
အမေ။
အမေ့ရင်က ထွက်ခွါပျံသန်း
လျှောက်ခဲ့တဲ့လမ်း
သုံးဆယ်ခြောက်နှစ်ခရီးကြမ်းမှာ
ဘ၀ရဲ့ အရသာ
ချိုတ၀က် ခါးတ၀က်
အတွေ့အကြုံတွေနဲ့
ရင့်ကျက်ခဲ့ပြီးမှ
ပိုင်ဆိုင်တာတွေ
ပြန်လှဲ့ကြည့်တဲ့အခါ
ဇနီး သား သမီးနဲ့
အကြွေး
မရေရာတဲ့ အနာဂါတ်လဲပါသေးရဲ့
အမေ။
ညတည ရဲ့ချောက်အိပ်မက်တခုလို
ဒုက္ခတွေနဲ့အိပ်ရာကနိုးထ
ကျနော်မျက်ရည်စတွေနဲ့
ကြေကွဲရပါရဲ့အမေ။
ကံကိုယုံလို့
ဆူးပုံ နင်းတဲ့သား
ဘ၀ရဲ့ခက်ခဲကြမ်းတမ်းမှု
ဆူးတွေကြားမှာ
အမေ့ရဲ့မေတ္တာအေးရိပ်
ချွေးသိပ်ချင်မိတဲ့
တောင့်တစိတ်က
တိတ်တဆိတ်ဝင်ရောက်
သောကအမောတွေဖေါက်လို့
အမေရယ်အခုများတော့
အမေ့ဆီကရခဲ့တဲ့အမွေဗီဇ
စာ ကဗျာ ဂီတတွေနဲ့
ဘ၀ကိုမြိုမြိုချနေမိရဲ့
အမေ။
No comments:
Post a Comment