myspace codes
Click here for Myspace glitter graphics and Myspace layouts
-->

Pages

Monday, January 28, 2013

ဆယ်ကျော်သက်ရဲ့ ရည်းစားစာ

စွဲစွဲလမ်းလမ်း ကွေ့ကောက်နေတဲ့ လမ်းပေါ်
တစ်ဟုန်ထိုးမောင်းနှင်ခဲ့တဲ့ စွန့်စားခန်းတစ်ခုကို
အနားကပ်ပြီး မီးနီမပြလိုက်ပါနဲ့ .. ချစ်သူ
ငါဟာ အချစ်မှာ ဘရိတ်ပေါက်နေတဲ့ ကားတစ်စီးပါ။
အချစ်ရဲ့ အနိုင်အရှုံးကို ရွှေဂိုးနဲ့ ဆုံးဖြတ်မယ်တဲ့
ချစ်သူရယ် . .
တစ်ဖတ်သားကို ကိုယ်ယောင်ပြလှည့်စားပြီး
လွတ်လွတ်ကျွတ်ကျွတ်ကန်တင်လိုက်တဲ့ နှလုံးသားကို
အပြိုင်ဂိုးသွင်းဖို့ ခပ်ကြမ်းကြမ်းကစားမိတဲ့အခါ
ငါ့ကို အနီကပ်မပြပါနဲ့။
ငါ့တစ်ယောက်ထဲ အခန်းထဲမှာ . .
မင်းအကြည့်ရောင်စုံကို နံရံမှာ ခြယ်သရင်း
မင်းအပြုံးပွင့်တွေ တမ်းတမ်းတတ ပန်းလိုတွဲသီရင်း
မင်းရဲ့ ကိုယ်ဟန်လေးတွေ ငါ့မှန်ပြတင်းမှာ အရိပ်ထိုးရင်း
ငါမော့သောက်ခဲ့ဖူးတဲ့ မင်းရနံ့တွေ
ငါမေ့လျော့ခဲ့တဲ့ မင်းမျက်ဝန်းထဲက နေ့များစွာ
ငါနစ်မြုတ်ခဲ့တဲ့ မင်းရယ်သံထဲက နာရီများစွာ
မင်းလက်ဖမိုး သွေးကြောစိမ်းလေးတွေက တစ်ဆင့်
ငါ့နှလုံးသားထဲ ပြင်းပြင်းပြပြ စီးဆင်းသွားကြပေါ့။
ဒါတွေအားလုံးဟာ
ကမ္ဘာလဆန်းတစ်ရက်နေ့အထိ
ရေးနေမိဦးမယ့် ငါ့ဒိုင်ယာရီပါ။
ဘယ်မှာလဲဟင် . .
မင်းရဲ့ ငဲ့ကြည့်ညှာတာ အကြင်နာ . .
ဒါဟာ
အရိုးမရှိတဲ့ လျှာပေါ်က
ကယောင်ကတမ်းစကားတွေ မဟုတ်ပါဘူး
သွေးအက္ခရာနဲ့ ထုဆစ်ထားတဲ့ စကားတွေပါ။
ငါ့အစွဲအလမ်းလေးရေ . .
နေရာတကာမှာ ခေါင်းမာခဲ့ပြီး
အသည်းမာတယ် ခံနိုင်ရည်ရှိတယ်လို့
ကိုယ့်ကိုယ်ကို အထင်ကြီးခဲ့တဲ့ကောင်ကို
မင်းရင်ခွင်မှာ . . ဒီတစ်ခါတော့
နှစ်နှစ်ကာကာ ကျဆုံးခွင့်ပေးပါ။
(အချစ်ကိုယ်စားပြုဝါကျများ)

ဝေးကျန်ခဲ့နေ့

အမုန်းမှာ ဘယ်နှခါ လွမ်းရမယ်
မှာတမ်း မရခဲ့သူ။
ကိုယ့်နှစ်ဆယ့်လေးနာရီ ကမ်းလုံးပြည့်
စပယ်တွေ တဖွေးဖွေြးွေကခန်း
ဘယ်အနမ်းနဲ့မှ မကြေတော့။
သစ္စာတရား အပြိုအပျက်ကြား
ဆွဲမိဆွဲရာ ကိုယ့်ကဗျာအစအနတွေ
အငြိုးနဲ့ ကျွမ်းလောင်။
ရွတ်ဆိုနေကျ
နာမည်လေး ပြေးထွက်အသွားမှာ
ပဲ့တင့်သံတွေ ပြန်မလာဘူး
ရယ်ရင် ပေါ့ပေမယ့်
ငိုပြီး လေးနေမိ။
ကမ္ဘာ့ကြေကွဲစရာများထဲ
ကိုယ့်ရင်နင့်မှု အပြင်းဆုံး
ဒီနေ့သတင်းစာမှာ မပါတာကလွဲရင်
ကိုယ့်အသည်းကွဲခြင်း
တခမ်းတနား ကြီးကျယ်တယ်။

ဘလော့ဂါသမားနှလုံးလှစာပေချစ်သူများ

ဘလော့ဂါသမားနှလုံးလှစာပေချစ်သူများ

ဝမှာ အရိုးသားဆုံး ခံစားချက်တွေ အခမဲ့ ပေးဝေမယ်

လော့ ချထားတာက အတ္တ

ဂါ ထာမန်းမှုတ်စရာမလိုပါ အလိုလို နှလုံးလှတွေစုရပ်

မားတော်တွေပြစရာမလိုအောင် ဝေဒနာတွေကို ဖော်ရွေမှု့နဲ့ ကုပေးတယ်

မား မားရပ်လို့ အများအကျိုးဆောင်ရွက်ပေးလို့ရယ်

နှ လုံးသားမှာ အမြဲရှိတာက အဖြူစင်ဆုံးခံစားမှု့

လုံး ၀ကိုမထားတာက မောက်မာတဲ့ မာန်မာန

လှ ပတဲ့ အိမ်လေးကိုယ်စီနဲ့

စာ ပေတွေဝေမျှရင်း

ပေ တေနေတဲ့ စိတ်အညစ်အကြေးတွေ ဆေးကြောပေးလို့

ချစ် ခြင်းတွေအပြည့်မို့ အပြစ်တွေလဲ ကင်းကြပါတယ်

သူ တပါးကို ကြည်နူးမှု့တွေပေးရင်း

များ များရေး များများဖတ် များများမှတ်ရင်း ဘ၀ကိုတန်ဖိုးရှိရှိဖြတ်ကျော်ကြသူများ ။

လွင်ပြင်လှိုင်းငယ် ခံစားရေးဖွဲ့သည်  ။

ဆန္ဒပြပြန်ပြီ

ဟိုနေ့က အတ္တကြော်ဆိုပြီး
သူငယ်ချင်းတစ်ယောက်လက်ဆောင်ပေးတာနဲ့
မောဟ သေရည်နဲ့ မြည်းလိုက်တာ
စုတ်ပြတ်သတ်နေတဲ့
သိက္ခာတွေ အန်ဖတ်ထဲရောလို့ပေါ့
အဆင့်တန်းမြင့်မြင့်နေနိုင်ပြီဆိုလို့
လှမ်းကြည့်လိုက်တာ
ဘတ်ကားဂိတ်က ညမင်းသမီးတွေတောင်
ဥပဒေသစ်တွေတောင်းဆိုလ်ု့
ရိုးရာပွဲမှာ
ဆင်းရဲသားဝတ်စုံနဲ့သူတွေက
နိုင်ငံတကာ အဆင့်အတန်းပွဲက ကောင်မလေးတစ်ယောက်ကို
ရိုင်းလို့ဆိုပြီးဝေဖန်နေလေရဲ့ ။

တိုက်တွေပေးမယ် ကားတွေပေးမယ်ဆိုပြီး
လမ်းတွေက နွားလှည်းမောင်းရင်တောင် လည်းတန်ကျိုးမယ့်အနေအထား
ပစ်မယ်ခတ်မယ်ဆိုရင်
အိမ်ထဲမှာ ပုန်းနေသူများ
အခုတော့ ကွမ်းယာဈေးတက်လို့ လမ်းမမှာ ဆန္ဒပြနေလေရဲ့ ။

ဟိုနိုင်ငံမကောင်းဘူး ဒီနိုင်မကောင်းဘူးနဲ့
ဝမ်းတစ်ထွာအတွက်
ပြည်ပမှာ အခြေချနေထိုင်သူတွေကို
မျိုးမချစ်ဘူးပြောနေသူတွေများနေပေမယ့်
နေ့စဉ်နိုင်ငံခြားထွက်ခွာသူကလဲ ရာနဲ့ထောင်နဲ့ပါလားနော်
 အမေ အမ မိန်းမကောင်းတွေ အဆိပ်ခတ်သတ်
မကောင်းတဲ့ ၀က်ဆိုဒ်ရေးနေသူက
ထူးချွန်တဲ့ အမျိုးကောင်းသမီးကို
 မကောင်းပြောနေတဲ့ ဒီပါစပ်က ထွက်ကျလာတဲ့
စကားတွေစားသုံးဖို့ နေ့စဉ်သောင်းသိန်းရှိနေပေမယ့်
နိုင်ငံကျော် စာရေးဆရာရဲ့ ၀က်ဆိုဒ်မှာတော့
တနေ့ လေးငါးယောက်နဲ့သာနေ့ရက်တွေကုန်ဆုံး ။
ပဲပြုတ်သည် ထီပေါက်လဲလုပ်လို့ရတဲ့
တွေ့သမျှ သီချင်းလုပ်တဲ့ ဟစ်ဟော့သမားတွေက
ရော့(စ်)ဂီတသမားတွေ ကော်ပီပဲ
 သောက်တတ်တယ်လို့ ၀ိုင်းပြောတဲ့ ဒီကာလ
အိပ်မရတဲ့ ညတိုင်း
အိပ်ဆေးအနေနဲ့ မြန်မာ ဟာသကားတွေ
 ကြည့်ပြီးအိပ်ရတာလဲများနေပြီ ။
နိုင်ငံခြားမှာ  ကတ္တီပါ ဖိနပ်စီးသူတွေ့ရင် သူ့ရှေ့မှာ
မြန်မာလိုမပြောနဲ့လို့ လက်တို့တွေကလဲ ဒုနဲ့ဒေး
အီးလို ယူနဲ့ အိုင် နဲ့လုပ်ပြီး မြန်မာကို မြန်မာလို့သိမှာ ရှက်သူကရှက်
ဖြစ်ပျက်နေတာက ခေတ်ပျက်သလားတောင်ထင်ရ ။
ပြုပြင်ပြောင်းလဲတို့ပြည်ကြီးမှာ
တောင်တွေလဲ ကတုံး
လယ်တွေကလဲ ဟိုလူသိမ်း ဒီလူသိမ်း
ရွာတွေထဲမှာလဲ ဟိုဒိန်းဒိန်း ဒီဒိန်းဒိန်း လက်နက်သံတွေဟိန်း
ကဲ ဘာပဲပြောပြော
တကယ်လို့သာ
ပစ်မယ်ခတ်မယ် ဖမ်းမယ်ဆီးမယ်ဆိုရင်
ကျွန်တော်ရော ဒီစာရေးရဲပါ့မလား
အတွေးများနဲ့သာ ။

ကလေးတစ်ယောက်ရဲ့ ရှေးရေး

အငိုနဲ့စတဲ့လူ့ဘဝ
ငိုကြွေးခြင်းအခမ်းအနားနဲ့ ဆုံးတာ
သဘာဝဆိုပေမယ့်လဲ
အပြုံးတွေ ပန်ဆင်
မေတ္တာ ၀တ်ရုံနွေးနွေးလေးဝတ်ပြီး
လက်ထဲကို ဓါးထည့်သူကထည့်
အားထည့်သူကထည့်နဲ့
ဘ၀မှာ ပျော်စရာများလှသူတွေလဲ
အများသားနော် ။

အငိုနဲ့စ
ဝမ်းနည်းမှု့ခြေလှမ်းနဲ့
ဘ၀စာမျက်နှာလေးများလှလာမလား
မျှော်မှန်းရင်း
ကြည်နူးဝေဖြာ ပိတိများနှင့်
မိဘမေတ္တာလောကရုပ်ရှင်ကိုမြင်တွေ့ရင်
ရင်နာစရာအဖြစ်နဲ့
အမေ ဘယ်ဆီ အဖေဘယ်ဝယ်နှင့်
ကောင်းကင်ကြီးကိုမော့ကြည့်သူကကြည့်
မြေကြီးကို ငုံကြည့်သူကကြည့်နဲ့
ထွက်စရာမျက်ရည်တောင်
အစာရေစာမ၀လို့
ပေါပေါသီသီမထွက်နိုင်သူ
မိဘမဲ့ကလေးတွေလောကမှာ ဒုနဲ့ဒေးပါလား ။

ရှေ့ဘ၀က ကောင်းမှု့ကြောင့်
ဒီဘ၀မှာ လိုတရသူတွေများပေမယ့်
နောက်ဘ၀မှာ ကောင်းဖို့
ဒီဘ၀မှာ လှူချင်ပေမယ့်
အတူနေရတာ ဒုက္ခဆိုတော့
နောက်ဘ၀ဆိုတာရှိမှာကို ကြောက်သူလဲရှိနေမပေါ့ ။

ကျောင်းစာတွေအံနေတဲ့
ပျော်ရွှင်သူတွေရှိနေသလို
ကျောင်းတော်ကြီးဘေးမှာ
ချောင်းနေတာ
ဘယ်သူများ ပလက်စတစ်(သို့မဟုတ်)
စားစရာလက်ကျန်မုန့်လေးများပစ်မလားနဲ့
မျှော်လင့်ချက်လက်ကျန်လေးနဲ့
ဝမ်းတထွာအတွက် ဘ၀စာသင်နေသူများလဲ
ရှိနေလေရဲ့ ။
 
ကံရေးမလှ 
ဘ၀ပေးအခြေအနေက စုတ်ချာနေတော့
ကလေးတစ်ယောက်ရဲ့ မျက်ရည်စက်တွေ
ဝမ်းနည်းမှု့ နာကျည်းချက်တွေက
အမှိုက်ပုံဘေး
ပလက်ဖောင်းဘေးမှာ
ဘယ်သူမှမတွေ့ပဲ ကျော်ဖြတ်ခံ
အနင်းခံနှင့် ဘ၀မှာ
မျက်ရည်မြစ်ထဲ ကူးခတ်ရင်း
ဝမ်းစာအတွက် ရိုးသားနေတဲ့ 
ကလေးတွေအများကြီးပါလားနော် ။
ဘာပဲဖြစ်ဖြစ်
ကလေးတစ်ယောက်ရဲ့အတွေး
မနက်ဖြန်တိုင်းမှာ
မျှော်လင့်ချက်ရှိဖို့
ဘာမှမပေးနိုင်ရင်တောင်
အပြုံးလေးတစ်ပွင့်
အားရှိမယ့် စကားလေးတစ်ခွန်ဖြစ်ဖြစ်နဲ့
နှစ်သိပ့်ပေးမယ်ဆိုရင်
မိဘမဲ့ပေမယ့် ဘ၀ကိုရဲရဲဖြတ်ကျော်
လောကမှာ အလှပန်းတွေတိုပွားပွင့်လို့နေမှာပေါ့ ။

အချစ်ရဲ့ စေတမန်

အဝေးအနီးရဲ့ သဘောက
ဘာလဲ ?
ဝေးတယ်ဆိုတာ အတွေးမှာ
တကယ်မရှိလို့သာဝေးနေတာပါ
ဘယ်လောက်ပဲဝေးဝေး
နှလုံးသားကိုခုန်စေတဲ့
သွေးကြောမျှင်ဟာ နင်ဖြစ်နေလေတော့
ငါ့ကမ္ဘာမှာ အနေဝေးပေမယ့်
သေချာတာ နင်က ငါ့အနီးဆုံးရင်ခုန်သံလေးပါ  ။

အချစ်သဘောကို
အပြည့်အ၀နားမလည်ပေမယ့်
ဖြည့်လေ ဖြည့်လေ မပြည့်တဲ့
နင့်ကိုချစ်တဲ့ ချစ်ခဲ့ခြင်းတွေ
သိုသို သိပ်သိပ်နဲ့
မယိုဖိတ်အောင်
ငါ့နှလုံးသားအိုးထဲကို
စက္ကန့်တိုင်း ဖြည့်နေတယ် ချစ်သူရယ် ။

အလွမ်းတွေထမ်း
မျှော်လင့်ချက်ကို ဖက်တွယ်
နင့်အချစ်ရဖို့အရေး
လမင်းဆီမှာ နင်ရှိရင်တောင်
နှလုံးကို အတောင်တတ်
မရောက်ရောက်အောင် နင့်ထံတော်ပါး
ငါပျံသန်းခဲ့မယ် ချစ်သူရယ် ။
 နင်သာပျော်မယ်ဆိုရင်
 တိမ်တွေခင်းတဲ့လမ်းမှာ
ကြယ်စင်တွေအလင်းနဲ့
လမင်းအောက်မှာ
ငါတို့နှစ်ယောက်လျှောက်ကြတာပေါ့ ။
နင်အလိုရှိရင်
ကောင်းကင်ကို ဖြဲဆုတ်
စာအုပ်ချုပ်ပြီး
ငါ့နှလုံးသွေးစက်များနဲ့ရေး
နင့်ကဗျာစာအုပ်လေးလဲ လှစေပါ့မယ် ။
အလင်းရှိမှ အရိပ်ရှိသလို
 အတိတ်ရဲ့ မနက်ဖြန်တိုင်း
နင်က ငါ့အရိပ်တစ်ခုပေါ့ 
စောင့်စားသူအတွက်
အချိန်က လိပ်သွား သွားသလို
အလွမ်းတွေဖက်အိပ်တဲ့ညတွေကလဲ
တိတ်တိတ် ကလေးကြယ်ကြွေတွေနှင့်အတူ
အထီးကျန်ညတွေရှည်လျားလွန်းပေမယ့်
နင့်အချစ်မိုးတွေ နှလုံးသားမှာ
ရွာသွန်းမည့်နေ့
နွေခေါင်ခေါင်လဲ ငါစောင့်နေပါ့မယ် ချစ်သူ ။

နှစ်သိမ့်ကဗျာ

နာကျင်နေချိန်
ကြင်နာဖူးတဲ့
သူ့ရဲ့ ယုယ
ပြုစုမှု့တွေး
နှလုံးသားကို
နားလည်မှု့တွေ
ချကျွေးလိုက်တော့
နာကျင်တယ်ဆိုတာ
ဒဏ်ရာမဟုတ်တော့ဘူးပေါ့ ။

သူကပစ်ပြေးပေမယ့်
အချစ်ကြွေးတွေ
ရှေ့ဘ၀ကထင်ကျန်
ငါ့အမှားများလို့
ထားသွားပါလား
ဖြေတွေးတွေးရင်း
အမုန်းမျိုးစေ့
ရင်မှာမကြဲ
မစဲတဲ့အချစ်မိုးနဲ့
နှလုံးသားကို စိမ်းလန်းပါစေ ။

ကိုယ့်ရဲ့ လိုအင်ဆန္ဒထက်
သူ့လိုချင် တက်မက်
ချစ်ခြင်းများအတွက်
ဘ၀ကိုပေးရင်း
နှလုံးသားနှစ်ခု
ဦးနှောက်နဲ့ ဂရေဆက်ပြီး
လူ့အလိုနတ်မလိုက်နိုင်ပေမယ့်
သူ့အလို ကိုယ်လိုက်နိုင်အောင်ကြိုးစား
အမှားတွေရှိရင်
အမှန်ဖြစ်အောင်
ကြိုးစားပြုပြင်ရင်း
ဘ၀အလင်းတံခါး
အတူတူတွန်းဖွင့်ထား ။

လွင်ပြင်လှိုင်းငယ် ခံစားသည်  ။

အလွမ်းရဲ့ ငိုသံနဲ့ ပြောတဲ့ စကား

ချစ်သူ
ကောင်းကင်က တိမ်ငိုသံဟာ
အမြဲမဟုတ်ပေမယ့်
ငါ့ရင်က
နင့်ကို လွမ်းတဲ့
နှလုံးသားငိုသံတွေရင်ခွင်လွင်ပြင်ပေါ် ရွာသွန်းတော့
လွမ်းဆွေးခြင်း မြစ်ငယ်
ဆယ်ကမ္ဘာခြားလဲ
မပြတ်စီးဆင်း
နှလုံးသားမှာ 
အလွမ်းအိုင်ဖြစ်နေပါပြီ ချစ်သူ ။  နှင်းတွေမြူတဲ့
ဆောင်းမနက်မှာ
တွဲလက်တစ်စုံနဲ့
ချစ်ခင်သူတို့ရယ်
ဆီးနှင်းတွေ ချစ်ရည်လူးတော့
အေးစက်တဲ့ ငါ့လက်တစ်စုံက
နှလုံးသားကို မျက်နှာငယ်လေးနဲ့ကြည့်နေရှာတယ်
တွဲလက်က နှုတ်မဆက်ပဲ
ထွက်ခွာသူရေ ။  ကောင်းကင်ကကြယ်တခင်းအမြဲမလင်းပေမယ့်ငါ့ရင်ကနင့်ကိုချစ်ခြင်းကတော့နှလုံးသွေးတွေရပ်အိပ်မက်တွေ လွင့်ပျောက်သွားလဲနင်က သံသရာတလျှောက်ငါ့နှလုံးမှာထင်ကျန်နေမယ့်ချစ်ခြင်းကျောက်ဖြစ်ရုပ်ကြွင်းသစ္စာရဲ့ အလင်းတံခါးလေးတစ်ခုပါ ။   အနေမနီးပေမယ့် ဖြေတွေးစရာရိုးသားတဲ့ နင့်ရဲ့စိတ်ထားဓါတ်ပုံငါ့မှာရှိတယ် ရေမြေခြားနေလဲအတွေးမှာ နင်ကအမြဲရှိတော့အလင်းမှာ နင်ကအရိပ်အမှောင်မှာ မနေ့ကအတိတ်နင့်အကြောင်းများနဲ့အိပ်စက်တော့လဲအိပ်မက်မှာ နင်ကရှိတော့ဝေးတယ်မထင်အမြဲအနီးအနားငါ့အပါးမှာ နင်ကရှိနေတာပါဟာ ။  ဝေးမယ့်အဖြစ်ကိုမတွေးထားပေမယ့်ဆွေးရတဲ့ရင်မှာ ခံနိုင်ရည်ကိုအချိန်နဲ့ ကုစားနီးရမယ့် တချိန်မှာပြောင်းလဲခြင်းတရားတွေနင့်ရင်မှာ 
မရှိပါစေနဲ့လို့တောင်းဆုတွေခြွေရင်းမနေ့ကထက်ဒီနေ့က နင်နဲ့နီးဖို့ပိုနီးသွားပြီပေါ့ ။

အားမငယ်ပါနှင့် လောကကြီးရယ်

အားမငယ်ပါနဲ့ လောကကြီးရယ်

ငိုရင်လွယ်
ရှိုက်ရန်ခက်
သေရင်လွယ်
ရှင်ဖို့ခက်
ချစ်ခြင်းအတွက်
စစ်ပွဲတွေဖြစ်နေသလို
မြစ်ပြင်မှာ
မီးထွန်းချင်သူတွေလဲရှိတယ်
မေတ္တာတွေရှင်သန်နေပေမယ့်
သစ္စာတွေကျွမ်းလောင်တော့
ချစ်ခြင်းတွေ ပြာတို့နယ်
လေအဝေ့ ဘယ်တကွေ့မှာ
ပျောက်သွားမှန်းမသိခဲ့ဘူး ။

ဟန်ဆောင်မျက်နှာဖုံးတပ်
မာယာတွေပွဲတော်ဆက်
မနာလိုမှု့တွေ ဆင်မြန်းရင်း
လူ့လောကဇာတ်ခုံ
ဖားက က ရင်း
ရိုးသားသူတို့ မျက်ရည်ပင်လယ်
အတ္တလှေနဲ့ ဇိမ်ခံစီးရင်း
ဒီဘ၀မှာ ပျော်နေသူလဲ ဒုနဲ့ဒေး ။

တစ်ကျပ်ရှိရင်
ငါးမူးလှူ
တစ်မတ်ဖိုးနဲ့
စားသောက်ရောင့်ရဲ
လက်ကျန်ကိုစုဆောင်း
လောကဒဏ်ဘယ်လောက်ထောင်းထောင်း
မပြောင်းတာ ရိုးသားတဲ့အားမာန်
ငတ်လို့သေရင်သေ
သတ်လို့မသေတဲ့
စိတ်ထားလှလှနဲ့
ဒါနတွေကျောပိုး
အများအကျိုးအတွက်
အသက်ရှင်နေသူတွေလဲရှိသေးတယ် ။

ထို့ကြောင့်
ထို့ကြောင့်
အကောင်းအဆိုးတွေ တွဲဖက်
နေထွက်နေ၀င်ရှိနေသေးလို့
အားမငယ်ပါနဲ့ လောကကြီးရယ် ။

လွင်ပြင်လှိုင်းငယ် ခံစားရေးဆက်သည်  ။

ချစ်သူတားထားတဲ့ စည်း

မကြင်နာသူဆီကမှ....
အကြင်နာကို လိုချင်ခဲ့မိတာ
ငါ့အမှားလား....?
တကယ်ဆို များများစားစားလဲ
မမျှော်လင့်ခဲ့ပါဘူး....ငါလေ....
ချစ်လွန်းလို့ မင်းရဲ့ဘေးနားမှာ 
အရာရာကို ဖြည့်ဆည်းပေးချင်မိခဲ့တာပါ
ဒါဟာ..ထပ်ပြီးတော့များ မှားသွားသလား..?
မကြင်နာသလို  အရာရာကို
ငါနဲ့ပတ်သက်ရင် အပြစ်မြင်နေတတ်သူရဲ့
မျက်ဝန်းထဲမှာ  ငါဟာ...
ပြဿဒါးတစ်ကောင်ပဲ ဖြစ်နေတော့မှာပါ
တခါတခါတော့လဲ လောကကြီးက
ရယ်စရာတော့ အကောင်းသား....
ချစ်ခြင်း  နဲ့  မုန်းခြင်း..ကြား.....
ဘယ်လောက်များ ခြားနားနေကြလို့ပါလိမ့်..
စက္ခုအာရုံကို  ကျော်ရစ်..
ခြားနားခြင်း  အားလုံးကို 
အရည်ဖျော်ပစ်လိုက်တော့....
မင်း နဲ့ ငါ့ ကြား အလွှာပါးပါးလေး
တစ်ချပ်သာ ကျန်ရစ်တယ်...
ဒီညတော့ မင်းဆီ
ငါ့ကို လာခွင့်ပြုပါကွယ်...

ကျိန်စာသင့် နှလုံးသား

ပြက္ခဒိန်တွေသာ တစ်ရွက်ပြီးတစ်ရွက် ပြောင်းသွားတယ်
အလွမ်းတွေဟာ  ခြေရာချင်းထပ်နေလို့..
အသက်. ..ရှင်သန်နေခြင်းဟာ 
အဓိပ္ပါယ်ရှိရဲ့လားတောင် ငါမသိတော့ဘူးကွယ်
ရှေ့ဆက်ဖို့က  မျှော်လင့်ချက်က  ပါးပါးလျလျ
နောက်ဆုတ်ဖို့ကျတော့လဲ ငါ့နှလုံးသားက ခွင့်မပြုခဲ့ပြန်ဘူး
ဘာပဲဖြစ်ဖြစ်  အချစ်ကို  ကိုးကွယ်မိနေမှတော့ 
မင်းအပေါ်ထားတဲ့  ငါ့ရဲ့  အစွဲအလမ်းတွေကို 
နောက်ဆုံးထွက်သက် အထိသာ သယ်ဆောင်သွားပါရစေတော့..
ညစဉ်ညတိုင်းလိုလို......
မျှော်လင့်ချက်တွေကို
နံရံ....ကြမ်းပြင်..နဲ့ မျက်နှာကြက်မှာ ချိတ်ဆွဲ
အတွေးတွေနဲ့  ၀န်းရံ ကခုန်ပျော်မြူးတယ်
အချစ်ဆိုတဲ့  အရာဟာ  တခါတရံမှာ
အိပ်မက်အဖြစ်သာ  ငါ့ဆီကို 
အလည် ရောက်ရောက် လာတတ်တယ်
အချိုးအကွေ့တွေနဲ့  နေသားကျလို့
ဒါဟာ “ဘ၀”  ပါလို့ 
အမည်နာမ  မပေးလိုက်ပါရစေနဲ့
အမှောင်ရောက်လို့ အလင်းပျောက်မှာကို 
စိုးရွံ့မိနေလို့.....
ထုံးစံအတိုင်း...
ညကလဲ  နက်ဆဲ
ဘ၀ကလဲ  ခက်ဆဲ
ဒါပေမဲ့လဲ .......
အကြင်နာ “မ” ဘုရား
အလှတစ်ပါး ကိုတော့ဖြင့် ...
ရင်ခုန်စွာနဲ့ မျှော်လင့်မိချင်သေးတယ်..

ကျွှန်တော့်ရဲ့ သူရဲကောင်း

 
ငွေရောင်တွေလွမ်း
ဆံဖြူ ယှက်သန်း
သားကို လွမ်းတဲ့ အလွမ်း
တနင့်တပိုး ထမ်းထားရင်းနဲ့
 ဆံဖြူတွေက သားအတွက်ပူလို့
ဖြူရတာလားအမေ  ။

နံ့သာဖြူအဖွေးသာပေါ်
မျက်ရည်မြစ်တွေဖြာဆင်း
ရင်တွင်းက သောကပင်လယ်
သားကို မျှော်ရလွန်းလို့
လျှံကျတဲ့ အလွမ်းမျက်ရည်တွေရဲ့
စုရပ်လား အမေ  ။

အရိုးတွေဖြိုင်ဖြိုင်ကျ
အကြောတွေထောင်ထောင်ထလဲ
သားဘ၀ ကာကွယ်ဖို့
 နှလုံးသားနဲ့ သွေး
သွေးစက်နဲ့ဆေးတဲ့
အမေ့လက်က
ဓါးတစ်လက်ထက်တော့ ထက်ပါတယ် အမေ   ။

ဗုံးခင်တဲ့လမ်းလဲလျှောက်ရဲတယ်
ကန္တရသဲကြမ်းမှာလဲ အိပ်နိုင်တယ်
သံရည်ပူလဲ သောက်ရဲတယ်ဆိုပေမယ့်
သားအတွက်တော့လေ
စိန်စီတဲ့လမ်းခင်း
ဖဲနုမွေ့ယာပေါ်သိပ်
မေတ္တာရေကြည်တိုက်လို့ရယ်
အရာရာ ပြီးပြည့်စုံတဲ့ ဘ၀မှာ ထားချင်တဲ့ အမေ  ။

ဒုက္ခတွေ ခါးစီးပြီးခံ
ခါးသီးခြင်းမိုးစက်တွေကြား
ကျောက်စလစ်ခင်းထားတဲ့လမ်းမှာ
ဖိနပ်မပါ ခြေဗလာနှင့်
ခြေဖ၀ါးမှာသွေးတွေ ယိုးစီးနေလဲ
သားဆိုတဲ့ အသိတစ်ခုနဲ့
ရှိသမျှအားအင်တွေသုံး
ရိုးသားခြင်းထီးတစ်လက်နှင့်
မာယာများတဲ့ လောကဓံကို ကြံကြံခံရင်း
လှပတဲ့ ဘ၀တစ်ခု သားမှာပိုင်ဖို့
အရာရာကို ရင်ဆိုင်ရဲတဲ့ အမေ  ။
(၀န်ခံချက်။    ။ ပုံကို google မှကူးယူပါသည်)


 မှတ်ချက် ။    ။ကဗျာအသစ်တစ်ပုဒ်နှင့် အဟောင်းတစ်ပုဒ်ကို ပူတွဲတင်ထားပါသည် ။ အမေတိုင်းကို လေးစားမိပါသည် ။

““ ချစ်သူ သိစေ ””

ကြယ်စင်တွေ  ဖြန့်ကျဲ.........

အဆုံးအစမရှိတဲ့  ကောင်းကင်ရင်ဘတ်ထဲ.....

အပြာရောင်ဂြိုလ်တစ်ခု.........

တည်ဆောက်နေခဲ့တယ်........။

မင်းတစ်ယောက်  ခိုလှုံဖို့ပေါ့ကွယ်......။

အကြင်နာတွေ  စိုက်ပျိုး.......

ထာဝစဉ် မညှိုးလေမဲ့  အချစ်ပန်း......

ငါ့နှလုံးသား ဥယျာဉ်မှာ ပွင့်လန်းလို့နေပြီ...

မင်းတစ်ယောက်  ပန်ဆင်စေတော့ကွယ်....။

ရင်ခုန်သံတွေ  မြေမှာချနင်း.........

ငါ့နှလုံးသားကို  ကြည်ဖြူစွာ

လမ်းခင်းပေးလိုက်ချင်တယ်...........

(အပူအပင် ကင်းမဲ့စွာနဲ့) .........

မင်းတစ်ယောက် နင်းလျှောက်စေတော့ကွယ်...။

တခါတခါတော့လဲ.........

ကမ္ဘာကို တိုင်တည်ပြီး..............

စကြာဝဠာကြီးတစ်ခုလုံး မြည်ဟီးသွားတဲ့အထိ

မင်းသိအောင် အော်ပြောလိုက်ချင်တယ်......

ငါ့အသဲ ငါ့အသက်နဲ့ ထပ်တူ

မင်းကို ချစ်တယ်.........။

အချစ်ဆိုတာ

အချစ်ဆိုတာ


တခါတခါ.....အချစ်ဆိုတာ....
ဘယ်လိုတွက်တွက် အဖြေမထွက်နိုင်တဲ့
ပုစ္ဆာတစ်ပုဒ်လို ခက်ခဲနက်နဲရှုပ်ထွေးတယ်....။
တခါတခါ......အချစ်ဆိုတာ......
နူးညံတဲ့ ကလေးငယ်တစ်ယောက်ရဲ့
ရယ်သံလေးလို ချိုမြလို့ အပြစ်ကင်းစင်နေခဲ့တယ်..။
တခါတခါ ....အချစ်ဆိုတာ.....
အပြောကောင်းသူတစ်ယောက်ရဲ့ ပုံပြင်တစ်ပုဒ်လို
တသသနဲ့  စွဲလန်းစေတတ်သေးတယ်.....။
တခါတခါ.....အချစ်ဆိုတာ......
မရည်ရွယ်ပဲ ရေးလိုက်မိတဲ့ ကဗျာတစ်ပုဒ်ပါပဲ....။
တခါတခါ.....အချစ်ဆိုတာ......
မိန်းမလှလေးတိုက်တဲ့ ၀ိုင်တစ်ခွက်လို
ဆွဲဆောင်မှုအပြည့်နဲ့ ယစ်မူးစေတတ်သေးတယ်..။
တခါတခါ......အချစ်ဆိုတာ........
စိတ္တဇညရဲ့ ကာရံမဲ့တဲ့
ကြယ်ကြွေသံလို................
တခါတခါ.....အချစ်ဆိုတာ........
ဒီလိုနဲ့ .....အခါပေါင်းများစွာမှာပဲ.........
ငါကိုယ်တိုင်လဲ အချစ်နဲ့ဝေးကွာနေခဲ့တယ်.....။
ဘယ်အခါကျမှ နီးရမယ်.  ငါမသိနိုင်ဘူး.......။
တကယ်ဆို ဇာတ်သိမ်းဟာ မင်းလက်ထဲမှာမို့.......
ငါကံကောင်းဖို့ တိုးတိုးလေး ဆုတောင်းနေရုံကလွဲလို့..........

ကဗျာရှင် မိုးနတ်ကြယ်စင်  ။