myspace codes
Click here for Myspace glitter graphics and Myspace layouts
-->

Pages

Saturday, January 26, 2013

အိမ်လွမ်းသူ

အိမ်လွမ်းသူ
ပျော်ရာမှာမနေ တော်ရာမှာနေရတဲ့
လူ့ဘ၀ဓမ္မတာအရ
ဝေးခဲ့ရသည်
မြန်မာပြည်။ ။

ဒီမှာလေ....
ဒိုးနပ်(စ်)တွေ ဘယ်လိုကောင်းတယ်ပြောပြော
တန်းလက်ရည်ရွဲရွဲ မုန့်လက်ကောက်ပဲ
စားချင်ရက် စက်စက်ယို
သွားရေတောင်စိုတယ်.။

တားကစ် ဘရက်နဲ့ ဒစ်(စ်)တွေက
ဘယ်လိုနာမည်ကြီးတယ်ပြောပြော
သဲတော်မုန့်ကြွတ်လောက် ငါမမက်ဘူး။

ထိုင်းကလာဆာ၊အီတလီပီဇာတွေ
ကောင်းခြင်းဝေဖြာ တယ်ဆိုလည်း
ငါ့အတွက်ကရီစရာပဲ။

ကိုရီးယားကင်ချီက
မြန်မာချဉ်ပတ်ကို ဘယ်မှီမှာလဲ.
ဂျပန်ဆူရှီက ဘယ်လိုပင်ဟန်ချီလဲ
ဆီထမင်းနဲ့ ငါးခြောက်ထောင်းပဲ
စိတ်မှာလေ တကာတောင်း။

ခရန်း(န်)ပတ်တွေ.ပန်(န်) ကိတ်တွေ မနှစ်သက်နိုင်
တွေးကာမိုင်ရင်း စားချင်မိတာက
မုန့်လင်မယား။

စားချင်တိုင်းသာ စားရမှာဆိုရင်
အချိုကဲကဲ ဆီရွဲရွဲနဲ့ထောပတ်ဘိန်းမုန့်
မုန့်ဖတ်သုတ်၊လက်သုတ်စုံနဲ့ အကြော်စုံတွေ
ပဲလှော်နှမ်းထောင်း၊ မုန့်စိမ်းပေါင်း
နှောင်းနှောင်းသံပေး လှည်းကလေးနဲ့
အချဉ်ပေါင်းထုပ်၊မြေပဲပြုတ်
ဝက်ဂေါင်းသုတ်နဲ့ ရေခဲသုတ်
မုန့်လေပွေ၊စာကလေးခွေ
ကပ်စေနဲ၊မုန့်ကျွဲသဲ
မဲမဲသဲသဲ ကောက်လှိုင်းချီ
အပီဝအောင်စားချင်သည်။

ဒီ အချိန်မှာလေ..
ဗိုလ်ချုပ်ပြောခဲ့တဲ့စကားတခွန်းကို
ငါလေရွတ်နေမိတယ်
"အကြည်ရေ... ပဲပြုတ်နဲ့နံပြားစားချင်တယ်"

မာတီကားချား အစားတွေစုံ
ဓလေ့တွေအဖုံဖုံ
တွေ့ကြုံဆုံလဲ မွေ့လျော်မပျော်နိုင်
တွေးကာမိုင်သည်
အော်...ငါ့မှာ
ဗမာစာပဲ...စားချင်တယ်
ဗမာစကားပဲ..ပြောချင်တယ်
ဗမာ့ကားချားကိုပဲ..ချစ်တယ်
ဗမာပြည်မှာပဲနေချင်တယ်

ဆုတောင်းတိုင်းသာပြည့်မည်ဆိုရင်
ချဉ်ပေါင်ဟင်းချို ၊ငါးပိရည်ကျို
မှိုနဲ့ကန်စွန်းရွက်၊ငါးပတ်မွှေချက်နဲ့
မိသားစုထမင်းဝိုင်း ကို လက်စုံ စားချင်ပါသည်။

သူ့နိုင်ငံမှာနေ
သူ့ရေကိုသောက် သူ့အစာတွေစား
သူ့စကားကိုလက်ဆုံပြော
သူ့အရေခြုံလို့ သူ့အသွင်ဆင်ယင်လည်း
ဒါတွေကိုမခုံမင် အိမ်ကိုသာပြန်ချင်တဲ့
ငါဟာ(အစားမင်တဲ့)အိမ်လွမ်းသူမြန်မာပါပဲ။ ။

19.5.10 ( ဒဂုံ တက္ကသိုလ်ဆိုဒ်)တွင် တင်ထားသည်။