myspace codes
Click here for Myspace glitter graphics and Myspace layouts
-->

Pages

Wednesday, July 16, 2014

“ ကမ္ဘာလောကကြိးရေ ”

“ ကမ္ဘာလောကကြိးရေ ”   


ကျွှန်မသား စကော့ နေသည့် ကျောင်းမှ ကျောင်းအုပ်ဆရာကြီးက
အရေးကြိးသော ကိစ္စတစ်ခု ပြောလို၍ အိမ်သို့ လာရောက်လိုကြောင်းနှင့် တွေ့ဆုံနိုင်မည့် အချိန်ကို ပြန်ကြားပေးပါရန်
ဖုန်းဆက်ပြောဆိုသည် ။

စကော့၏ ကျောင်းဆင်းပွဲကလည်း  ရက်သတ္တပက် အနည်းငယ်သာ
လိုတော့သည် ဖြစ်ရာ ကျောင်းအုပ်ကြိး ဆက်သွယ်ခြင်းမှာ ယင်းကိစ္စနှင့် ဆက်စပ်ပတ်သက်လိမ့်မည်ဟု ကျွှန်မယူဆမိသည် ။
သို့သော် စကော့တစ်ယောက် မဟုတ်တရုတ် တစ်ခုခုများ လုပ်ခဲ့လေ
သလားဟူ၍လည်း စိတ်ထဲ တွေးပူမိသေး၏ ။

သို့နှင့် သတင်းကောင်းပဲ ကြားရစေဟု ကျိတ်ဆုတောင်းကာ
ဆရာကြီး အလာကို စောင့်မျှော်နေခဲ့သည် ။
သတင်းက သတင်းကောင်း အစစ်ဖြစ်သည် ။
ကျောင်းဆင်းပွဲတွင် ကျောင်းသားများကိုယ်စား နှုတ်ဆက်စကား
ပြောကြားရန်အတွက် စကော့အား ရွေးချယ် အပ်နှင်းကြောင်း ကြားသိရသည် ။ ထို့နောက် ဆရာကြီးက သား၏ အောင်မြင်မှုကို
ဂုဏ်ပြုသော အားဖြ**့ ကျောင်းဆင်းပွဲနှင့် စပ်လျဉ်းသည့် အမှတ်တရ စာတစ်ပုဒ် ရေးသားပေးရန် ကျွှန်မအား မေတ္တာရပ်ခံသည် ။

ကျွှန်မကလည်း ၀မ်းမြောက်ဝမ်းသာ ဆောင်ရွက်ပေးနိုင်ပါကြောင်း
ပြန်၍ ပြောလိုက်သည် ။။  သားအတွက် ကျွှန်မ တကယ်ပင် ၀မ်းမြောက် ဂုဏ်ယူခဲ့ချင်း ဖြစ်သည် ။
လက်နှိပ်စက်ရှေ့ကို ထိုင်ကာ စကော့ ဖြတ်သန်းခဲ့ရသည့် ဘ၀ခရီးလမ်းကြောင်း ပြန်ပြောင်းတွေးတောရင်း သူ့ဘ၀အတွက်
သည်ကျောင်းဆင်းပွဲ၏ ထူးခြားအရေးပါလှပုံကို ကျွှန်မ ထင်လင်းစွာ
မြင်လာသည် ။ စကော့နှင့် သူ၏ အတန်းဖော် သူငယ်ချင်းများတို့သည်
သူတို့ အတွက် လုံးဝစိမ်းနေသေးသည့် လက်တွေ့ လူ့လောကကြီးအတွင်းသို့ ၀င်ရောက်ကြတော့မည် ဖြစ်သည် ။

သူတို့ကို ကျွှန်မတို့ နေ့စဉ် ပုံမှန် လိုက်လံထိန်းကျောင်းပေးနေနိုင်မည်
မဟုတ်တော့ ၊ အကြံပေးချင်း ၊ ဖေးမကူညီချင်း များလည်း မပြတ်လုပ်နေနိုင်မည် မဟုတ်တော့ ။
သို့နှင့် သူတို့ နဖူးတွေ့ ဒူးတွေ့ တွေ့ကြရတော့မည့်ကမ္ဘာလောကကြီးထံ ကျွှန်မ စာတစ်စောင် ယခုလို့ ရေးဖြစ်ခဲ့သည် ။
             
 ***

ကမ္ဘာလောကကြီးရေ . . .
တို့ကလေးတွေ ဒီနေ့ ကျောင်းဆင်းကြတော့မယ် ။
ကာလအတန်ကြာတဲ့ အထိ မင်းကို သူတို့ နားလည်နိုင်ကြဦးမှာ မဟုတ်ဘူး ။ မင်း သူတို့ကို ကြင်ကြင်နာနာ ဆက်ဆံပေးပါလို့
မေတ္တာ ရပ်ခံချင်တယ် ။

မင်းသိတဲ့ အတိုင်း သူတို့က လောလောဆယ် အချိန်ထိ ကိုယ့်အိမ်မှာကိုယ် ဗိုလ်လုပ်နေခဲ့ကြတာ ။ သူတို့ ခံစားချပ်တွေ ၊ ဝေဒနာတွေ မှန်သမျှ မိဘက မပြတ်အကဲခတ်ပြီး ဖြေဖျောာက်ပေး ကုစားပေးနေခဲ့တာ ။ နတ်ဖြန် သဘက်က စပြီး အခြေအနေတွေက
လုံးဝခြားနားသွားတော့မှာ  ။  အရင်တစ်ခါမှ မကြုံဘူးတဲ့ စွန့်စားခန်း
အသစ်တစ်ခု စတင်ရတော့မှာ ဒီစွန့်စားခန်းခရီးမှာ ဒုက္ခဆင်းရဲတွေ ၊
ဝမ်းနည်းကြေကွဲစရာတွေလည်း ကြုံရလိမ့်မယ် ။ သူနိုင် ငါနိုင် ယှဉ်ပြိုင်ရတဲ့ တိုတ်ပွဲတွေလည်း ဆင်နွှဲရလိမ့်မယ် ဒိခရိးလမ်းကို
လျှောက်လှမ်းနိုင်ဖို့ အတွက် သူတို့မှာ ယုံကြည်မှုတွေ ၊ မေတ္တာတရား
တွေ ၊ ခံနိုင်ရည်တွေ ၊ သိနားလည်မှုတွေ အများကြီး လိုအပ်လိမ့်မယ် ။
ဒါကြောင်းမို့ သူတို့လေးတွေကို ကြည့်ရှု စောင့်ရှောက်ပေးဖို့ မေတ္တာရပ်ခံနေရတာပဲ ကမ္ဘာလောကကြီးရေ ။

သူတို့ သိသင့်သိထိုက်တဲ့ အရာတွေ သိအောင် တတ်အောင် သင်ပြပေးစမ်းပါ  ဒါပေမယ့် ကျေးဇူးပြုပြီး တတ်နိုင်သမျှ ညှာညှာတာတာတော့ ကိုင်တွယ်ပါနော် ။
လောကကြီးမှာ လူတိုင်း သမာသမတ်ရှိတာ မဟုတ်ဘူး ၊ မမှန်မကန်
တဲ့ လူတွေလည်း ရှိတယ်ဆိုတာ သူတို့ သိဖို့ လိုသေးတယ် ဒါပေမယ့်
လူဆိုး တစ်ယောက်ရှိတိုင်း ဇတ်လိုက် လူစွမ်းကောင်း တစ်ယောက်
တော့  ရှိတယ် လိမ်ညာ ကောက်ကျစ်တဲ့ နိုင်ငံရေးသမား တယောက်ရှိတိုင်း လေးစားကြည်ညိုစရာကောင်းတဲ့ နိုင်ငံရေး
ခေါင်ဆောင်ကောင်း တယောက် ရှိတယ် ။ ကိုယ့်ကို ဒုက္ခပေးမယ့်
ရန်သူတယောက်ရှိတိုင်း ကိုယ့်ကို ကူညီရိုင်းပင်းမယ့် မိတ်ဆွေ
တယောက်တော့ ရှိတယ် ဆိုတာလည်း သင်ကြားပေးစေချင်တယ် ။

အချိန်တော့ ပေးရမှာပေါ့ လောကကြီးရယ် ။
ဒါပေမယ့် ကိုယ်တိုင်ရှာ ငွေတစ်ကျပ်ဟာ အလကားရတဲ့ ငွေတစ်ရာ
ထက် တန်ဖိုးရှိတယ်ဆိုတဲ့ အကြောင်း ၊ အရှုံးကို အပြုံးမပြတ် ခံယူတတ်မှ အောင်နိုင်ချိန်မှာ ပြည့်ပြည့်၀၀ ပျော်ရွှင်နိုင်မယ်ဆိုတဲ့
အကြောင်းတွေလည်း သူတို့ သိနားလည်အောင် ဆောင်ရွက်ပေးစေချင်တယ် ။

ဖြစ်နိုင်ရင် သူတို့မှာ ၀န်တိုမစ္ဆေရ စိတ်တွေ ကင်းစင်အောင် ၊ သူတပါးရဲ့
အဆင်ပြေမှု ၊ အောင်မြင်မှု အတွက်လည်း မုဒိတာ ပွားတတ်အောင်
သင်ကြားပေးစေချင်တယ် ။  မအောင်မြင်မှုနဲ့ ကြုံရတဲ့အခါမျိုးမှာ
အရှုံးဒဏ်ကို ကြံ့ကြံ့ခံနိုင်တဲ့  ဇွဲသတ္တိရှိဖို့နဲ့ အောင်မြင်တဲ့ အထိ ဆက်ကြိုးစားမယ် ဆိုတဲ့ စိတ်ဆန္ဒ ဆက်လက်ပြင်းပြနေတတ်ဖို့လည်း သင်ကြားပေးပါ ။  ပြီး  သိမ်မွေ့ သူကို သိမ်မွေ့စွာ ဆက်ဆံတတ်ဖို့ ၊
မာကျောသူနဲ့ တွေ့တဲ့အခါ ကိုယ်လည်း မာကျောနိုင်ဖို့ လမ်းညွှန်ပေးပါ။

အများနောက် ရောယောင်မလိုက်ဘဲ ကိုယ့်အသိညဏ် ၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ အလုပ်လုပ်တတ်ဖို့ ၊ ဘယ်သူ့ စကားကိုမှ နားပိတ်မထားသော်လည်း ကြားသမျှကိုတော့ အမှန်တရားဆိုတဲ့
ဆန်ခါနဲ့ စစ်ပြီးမှ လက်ခံမှတ်သားတတ်ဖို့ ၊ ၀မ်းနည်းကြေကွဲချိန်မှာ
လည်း အပြုံးမပျက် နေတတ်ဖို့ ၊ သို့သော် မျက်ရည်ကျခြင်းကိုလည်း
ရှက်စရာလို့ မယူဆဖို့ ၊ ပြီး တစ်ခါတစ်ရံ ရှုံးနိမ့်ခြင်းမှာလည်း
ဂုဏ်ကျက်သရေ ရှိနေတတ်ပြီး အောင်မြင်လျက် စိတ်ပျက်ရခြင်း ဆိုတာမျိုးလည်း ရှိကြောင်း  သိရှိဖို့ကိုပါ သင်ကြားပေးစေချင်တယ် ။

အမြဲမကောင်းပြောတတ်တဲ့ လူတွေကို ဂရုမစိုက်ဖို့ စကားချိုလွန်းသူကို
သတိထားဖို့ ။
ကိုယ့်ရဲ့ ဦးနှောက်နဲ့ ကြွက်သားကို  ကြေးအမြင့်ဆုံး ပေးသူထံ
ရောင်းချတတ်ဖို့ ၊ ဒါပေမယ့် “့ နှလုံးသားနဲ့ ၀ိညာဉ်ကိုတော့ ”
ဘယ်တော့မှ ဈေးနှုန်း မသတ်မှတ်ဖို့တွေလည်း သင်ဖို့ လိုလိမ့်မယ် ။


အကယ်၍ ဖြစ်နိုင်မယ်ဆိုရင် ကိုယ်နဲ့ သူတစ်ပါး နှိုင်းယှဉ်တာမျိုး
မလုပ်ဖို့လည်း သင်ပြပေးစေချင်တယ် ။
ဘာကြောင်းလည်း ဆိုတော့ လောကကြီးမှာ ကိုယ့်ထက်ကြီးကျယ်တဲ့
လူ ၊ ကိုယ့်ထက် နိမ့်ပါးတဲ့ လူတွေဆိုတာ အမြဲရှိနေမှာ မဟုတ်လား ။
ကိုယ့်စံချိန် ကိုယ်ချိုးနှိမ်အောင် ၊ ကိုယ့် ယခင်ဆောင်ရွက်ချက်တွေ
ထက် ထူးခြားသာလွန်အောင် ပြိုင်ဆိုင်ကြိုးစားဖို့သာ သူတို့ကို
သင်ကြားစေချင်တယ် ။

ပြီးတော့ လောကကြီးမှာ တစ်ခါတစ်ရံ အလောင်းအစား လုပ်ရတဲ့
အခါမျိုး ရှိသလို အံစာတုံးကို လက်လွှဲပေးလိုက်ရတဲ့ အခါမျိုးလည်း
ရှိတယ်ဆိုတာ သူတို့ သိဖို့ လိုလိမ့်မယ် ။

လောကကြီးရေ . . . သူတို့ကို ကြင်ကြင်နာနာ ဆက်ဆံပါကွာ ။
ဒါပေမယ့် အလိုတော့ မလိုက်နဲ့ ၊ သိပ်လည်း မျက်နှာသာ မပေးနဲ့ ၊
ဘာကြောင်းလည်းဆိုတော့ မီးဒဏ်ကို နာနာခံပြီးမှ အသားကောင်းတဲ့
သံမဏိဖြစ်မှာကိုး ။  ဒီအတွက် သူတို့မှာ မိမိကိုယ်ကို ယုံကြည်တဲ့စိတ်
ထက်သန်ပြင်းပြစွာ ရှိဖို့ မွေးမြူလေးကျင့်ပေးပါ ၊ ကိုယ့်ကိုယ်ကို ယုံကြည်စိတ် ရှိမှ လူသားတစ်ရပ်လုံး အပေါ် ယုံကြည်တဲ့စိတ်
သူတို့မှာ ကိန်းအောင်း လာလိမ့်မယ် ။
မှာလိုက်တာတွေက သိပ်များနေပြီလားပဲ လောကကြီးရေ . . .။
ဒါပေမယ့် မင်းတတ်နိုင်သမျှတော့ လုပ်ပေးနော် ။
သူတို့က နုနယ်သေးတဲ့ လူငယ်လေးတွေ . .  ၊ ငါတို့ရဲ့ ကလေးတွေပါ ။

[ မူးရင်း Avril Johannes ၏ Dear World ]

စာရေးဆရာ ဖေမြင့် ဘာသာပြန် ထုတ်ဝေထားတဲ့
နှလုံးသား အဟာရများ စာအုပ်မှာ

ကျွှန်တော် ကြိုက်နှစ်သက်ရာလေးကို ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်

No comments:

Post a Comment