myspace codes
Click here for Myspace glitter graphics and Myspace layouts
-->

Pages

Monday, November 11, 2013

“ ငြိမ်းချမ်းပါစေ မြန်မာပြည် ” ( ၂ )

ငြိမ်းချမ်းပါစေ မြန်မာပြည်
...........................
ခက်ဆစ်ဖွင့်ပြစရာမလိုတဲ့ ၀ါကျတွေအတွက် ဒီကဗျာမှာ ဝေါဟာရဖက်ရှင်ရှိုးတွေ တက်လျှောက်စရာမလိုဘူး အရှိဟာအရှိအတိုင်း၊ အသိဟာအသိအတိုင်း အချစ်ဟာအချစ်အတိုင်း၊ စစ်ဟာစစ်အတိုင်း ရှိလို့သိလာရတဲ့နောက် သိဖို့ရှိလာရတဲ့ဖြစ်ရပ်များကို သတိသံဝေဂရပေးကြပါ ။ အချစ်ကြောင့် စစ်တွေဖြစ်ကောင်းဖြစ်လိမ့်မပေါ့ စစ်ကြောင့်တော့ အချစ်တွေဖြစ်မလာနိုင်တာ ခင်ဗျားသဘောညီရင် ဒီအချိန်မှာ ကျုပ်တို့အတူတူသံပြိုင်အော်ရမှာက ငြိမ်းချမ်းရေး ... ငြိမ်းချမ်းရေး ... ငြိမ်းချမ်းရေး လွတ်လပ်ဖို့အရေး ... လွတ်လပ်ရေးမဟုတ်ဘူး ငြိမ်းချမ်းဖို့အရေး ... ငြိမ်းချမ်းရေး ။
နယ်ချဲ့ရန်ကြောင့် သံဖနောင့်အောက်မှာ အော်ခဲ့ရတုန်းက လွတ်လပ်ရေး ... ပြည်တွင်းစစ်မီးအလျှံညီးတော့ အော်ရမှာက ငြိမ်းချမ်းရေး ... မျောက်က ကြိုးခွေ ... ကြိုးခွေ ဒေါင်းက အိုးဝေ ... အိုးဝေ လူက ငြိမ်းချမ်းရေး ... ငြိမ်းချမ်းရေး ... ငြိမ်းချမ်းရေး လက်ဆွဲနှုတ်ဆက်ရင် အပြုံးမှာ အမုန်းတွေမပါကြေးပေါ့ မျက်နှာလွှဲခဲပစ်ရင် အဆုံးမှာ အပြုံးတွေနာရေးပေါ့ စားပွဲမှာထိုင် ကလောင်ကိုင်ပြီး ငြိမ်းချမ်းရေးအတွက် နှလုံးသွေးနဲ့ အကူငွေထည့်တဲ့ ဖက်ခွက်စား အနုပညာသည်တွေကို ချစ်တယ် ထိပ်ဆုံးမှာထိုင် သေနတ်ကိုင်ပြီး ညီအကိုချင်း လည်ပင်းညှစ်တဲ့ အာဏာပါးကွက်သား ရွဲကုန်သည်တွေကို မုန်းတယ် ။
အဖြစ်က ဖောင်စီးရင်းရေငတ်သလိုပ ရေရှား၊ မီးရှား ၊ ချိုးကူသံရှားလှပါတဲ့ အမိမြေ တလွဲဆံပင်ကောင်းနေတာက ခြေပြတ်၊ လက်ပြတ်၊ တစ်ဘက်လပ်နဲ့ သေကွဲ၊ ရှင်ကွဲ၊ ရင်ကွဲတွေ ... လင်ပျောက်၊ သားပျောက်၊ အိုးအိမ်မှောက်နဲ့ ဥမမယ်စာမမြောက် အလောင်း ထွက်ကောက်နေရတဲ့ မြေစာပင်တွေ ... မမြည်ဘဲ တီးနေရတဲ့ မောင်းတွေဟာ တံခါးပိတ်ပြာကျ ဇာတိမြေမှာ မတီးဘဲ မြည်နေရတဲ့ မောင်းတွေသာ လူလုံးမလှ၊ ၀မ်းမ၀ ဒုက္ခသည်စခန်းမှာ ။
ဘယ်သူသိမလဲ ... ကဗျာဆရာဟာ ပန်းပဲဖိုမှာထိုင်ပြီး ရင်တွင်းဖြစ်တွေကို မီးမဆေးချင်ဘူးဆိုတာ ဘယ်သူသိမလဲ ... ခုတ်ချခံလိုက်ရတဲ့ ကိုင်းငယ်နောက် လွင့်ပါသွားရတဲ့ဘ၀တွေ ဘယ်လောက်များသလဲဆိုတာ ဘယ်သူသိမလဲ ... ဒီကာလတွေမှာ အဖတွေက သားတွေကိုမြေပြန်မြှုပ်နေရတယ်ဆိုတာ မီးဆေးအားကောင်းတဲ့ ဓါးတွေကတော့ မာလှပေါ့ ကဗျာဆရာကတော့ အသည်းခြောက်ခဲ့ရပြီ လက်လွတ်စပယ်ပြုဝံ့သူတွေလည်း ပြုကြပေါ့ ပျားကောင်ကလေးတွေခမျာတော့ အသိုက်အမြုံပျောက်ခဲ့ရပြီ မှတ်တိုင်ထင်ရင်လည်း စိုက်ကြပေါ့ သမိုင်းကတော့ အခမ်းနားဆုံးသောကတွေ ရင်မှာပိုက်ခဲ့ရပြီ ။
နံနက်လင်းလို့ အရုဏ်ကျင်းပါပြီဆိုကတည်းက တရားဓမ္မနဲ့နိုးထကြတဲ့ တိုင်းပြည်ပါ ကိုယ်ချင်းစာတရားနဲ့ဖေးမကြတဲ့ တိုင်းပြည်ပါ မေတ္တာတရားနဲ့နွေးထွေးလှတဲ့ တိုင်းပြည်ပါ အရေးကြီးရင် သွေးနီး၊ ထွေးစည်းကြတဲ့ တိုင်းပြည်ပါ ကိုယ်စားဖို့ဆန်မရှိရင်နေ လှူတန်းဖို့အကြံရှိကြတယ် " ရဟန်းစားသောဆွမ်းတစ်နပ်က " သက်သေလေ အိမ်တိုင်တွေယိုင်ပေမယ့် ကိုယ်ချင်းစာတရားတွေခိုင်မာတယ် လောကဓံမှာ ကိုယ်နဲ့အတူဖက်ရုန်းတဲ့နွားကိုတောင် သားသ္မီးလိုသဘောထားကြတာ မျက်မြင်လေ မေတ္တာသုတ်ရှိတယ်၊ ဗိုလ်ချုပ်ရှိတယ် ဦးသန့်ရှိတယ်၊ အမေစုရှိတယ် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း မြစ်ခွဲပေါင်းများစွာ စီးဝင်ပေါင်းစုံခဲ့ကြတဲ့ ငါတို့ရဲ့အပြာရောင်ပင်လယ်ကြီးရှိတယ် ဒို့ ... ဒို့ ... ဒို့တတွေ အမြဲသတိရှိကြမယ်ဆို ဒို့ ... ဒို့ ... ဒို့တတွေ သွေးရင်းညီအစ်ကိုများဆို မေတ္တာတရားရဲ့အရိပ်မှာ သစ္စာတရားရဲ့အဓိပ္ပါယ် ပြည်တွင်းစစ်မီးက အဖြေလားဗျာ ။
ငိုတစ်လှည့် ရီတစ်လှည့် မိုးတွေမစဲသေးဘူး နွေအဖီဆွဲထားတဲ့ကဲလားကအလွမ်းတွေ နှင်းခါးရိုက်ဝင်လာပါတော့မယ်ခင်ဗျား ၀င်လာပါတော့မယ် အိမ်လွမ်းသူငိုချင်းမှာ မျက်ဝန်းအိမ်နှင်းခဲမယ့်ရာသီ ရောက်ပါတော့မယ်ခင်ဗျား ရောက်ပါတော့မယ် လိပ်ပြာမလုံစွာ စောင်ခြုံကွေးပြီး တိတ်တိတ်လေး မျက်ရည်မကျပါရစေနဲ့ လွတ်ရာချောင်မှာ အမှောင်ခိုလွေးရင်း တိတ်တိတ်လေး အစာမ၀ပါရစေနဲ့ ဒီအချိန်မှာ သစ်တစ်ပင်စိုက်ပါရစေ (ငြိမ်းချမ်းရေးအတွက်) ဒီအချိန်မှာ အမိုက်မှောင်တွေဖြတ်ပါရစေ (ငြိမ်းချမ်းရေးအတွက်) ဒီအချိန်မှာ သီချင်းသံတွေပိတ်လိုက်ပါရစေ (ငြိမ်းချမ်းရေးအတွက်) ငြိမ်းချမ်းရေးအတွက်လို့အော်အော်ပြီး စစ်တွေထပ်မတိုက်ကြပါနဲ့တော့ ငြိမ်းချမ်းရေးအတွက်လို့အော်အော်ပြီး ဒုက္ခသည်စခန်းတွေထပ်မဖွင့်ကြပါနဲ့တော့ ငြိမ်းချမ်းရေးအတွက်လို့အော်အော်ပြီး မငြိမ်းမချမ်းမယ့်အရေးတွေထပ်မလုပ်ကြပါနဲ့တော့ လုံလောက်ပါပြီ ... လုံလောက်ပါပြီ လုံလောက်ရုံမက ပိုလျှံလို့ကို လုံလောက်နေပါပြီ အမိမြေဟာ သူ့ရင်သွေးငယ်တွေကို ပွေ့ပွေ့ပြီးငိုရလွန်းလို့ ရှိုက်သံတောင်မပီနိုင်တော့တာမို့ ။
" ငြိမ်းချမ်းပါစေ မြန်မာပြည် " တဲ့ (အိပ်မက်ကလေး) ငါတို့အားလုံး ချင်ခြင်းတပ်ရတဲ့ အိပ်မက်ကလေး လိုက်တိုင်းအမြဲ ဝေးဝေးပြေးတဲ့ အိပ်မက်ကလေး နိုးထမှုတိုင်းမှာ ဘ၀နဲ့ဆန္ဒတစ်ထပ်တည်းမကျ ၀မ်းနည်းစရာဆုံးရှုံးမှုတွေနဲ့ လက်ပြတတ်တဲ့ အိပ်မက်ကလေး အိပ်မက်ကလေးထဲမှာ ငါတို့ဟာ ... အင်္ကျီသေးသေး၊ ဖိနပ်သေးသေးနဲ့ အတ္တသေးသေး ကလေးလေးတွေ အိပ်မက်ကလေးထဲမှာ ငါတို့ဟာ ... ဖိုးလမင်းကြီးဆီက ထ္မင်းဆီဆမ်းကို ဒေါင်းလန်းကြီးမှာ အတူတကွ ၀ိုင်းဖွဲ့လို့ အိပ်မက်ကလေးဟာ သူ့ရဲ့လက်တစ်ဖက်နဲ့ ငါတို့ကို ယုယုယယထွေးပွေ့ပြီး ကျန်လက်တစ်ဖက်နဲ့ ငါတို့ရဲ့မျက်ရည်စတွေကို ကြင်ကြင်နာနာ သုတ်ပေးလိုက်ချိန်မှာတော့ နံနက်ခင်းဟာ သေနတ်ဖောက် အိပ်မက်ကလေးကို ပြည်တွင်းစစ်မီးတောက်တွေအောက် မောင်းထုတ်လိုက်တယ် ခုထိတော့ တိုက်ပိတ်အကျဉ်းသား လွတ်ရက်မျှော်ရသလိုပ အိမ်အပြန်လမ်းကို မျှော်၊ မေတ္တာတရားကို မျှော် ကိုယ်ချင်းစာတရားကို မျှော်၊ ငြိမ်းချမ်းရေးကို မျှော် မျှော် ... မျှော် ... မျှော် မျှော်တော်ယောင်ပတ်ပျိုးနဲ့ မိုးသောလက်တွေဖြန့်ထားရတဲ့ ငါတို့ဟာ ဒုက္ခသည်စခန်းက ကုလားအုတ်တွေ ရွာထိပ်မှာ စစ်မီးတွေ တိတ်ပြီလားလို့ ခဏခဏခေါင်းထောင်ကြည့်ရတာလည်း အမောပါပဲလေ ။         ။
။။။။။။။။။။။။။။။။။။

အရိုးသားဆုံး ၀န်ခံပါတယ် ခင်ဗျာ ဒီကဗျာလေးကိုတော့ 
အဖြူရောင်အွန်လိုင်း ပရဟိတ ဆိုဒ် မှ
ငြိမ်းချမ်းပါစေ မြန်မာပြည် ခေါင်းစဉ်ဖြင့် ကဗျာပြိုင်ပွဲတွင် ဒုတိယ ဆု ရရှိသွားခဲ့သော 
ကလောင်ရှင် မိုင်း ရဲ့ အပြောင်းမြောက်ဆုံး လက်ရာ တစ်ခု ဖြစ်ပါသည် ။

No comments:

Post a Comment