“ ငြိမ်းချမ်းပါစေ မြန်မာပြည် ”
ငြိမ်းချမ်းရေးအလံလွှင့်ထားတဲ့ ငါရဲ့ ကဗျာစီးချင်း နဲ့
ငြိမ်းချမ်းရေးအလံလွှင့်ထားတဲ့ ငါရဲ့ ကဗျာစီးချင်း နဲ့
ပြိုင်ပွဲအတွင်း ဖြတ်သန်းလို့ မှတ်တမ်းတစ်ခု ရေးခဲ့ပြီ
စိမ်းလန်းဖြာဝေ ကံကြမ္မာတွေ နဲ့ ငြိမ်းချမ်းပါစေ မြန်မာပြည်။
အပြုသဘောနဲ့ တစ်ခုပြောရရင်
ခေတ်အဆက်ဆက် ဖိနှိပ်ခံ လူတန်းစားပိုင်
ပစ္စည်းမဲ့ဒေါသ ကိန်းဂဏန်းသေးသေးလေးနဲ့
ငြိမ်းချမ်းရေး ….. ငြိမ်းချမ်းရေး ….. လို့ အော်နေရုံနဲ့တော့ဖြင့်
ရွှေပြည်တော် မျှော်တိုင်းဝေးရလိမ့်။
လက်ရှိပြည်သူများရဲ့ဆန္ဒနဲ့ ဒီမိုကရေစီ လိုက်လျောညီထွေရှိမဲ့ ကီး ကို ညှိ
တစ်ပြည်လုံး စည်းလုံးပြီဆိုမှ အညီဆုံးတီးလုံး နဲ့ ခရီးဆက်
“ မင်း ’’ ချည်းလည်းမပြီး … “ သူ ’’ ချည်းလည်းမပြီး …. “ ငါ ’’ ချည်းလည်းမပြီး
ငြိမ်းချမ်းရေးရဲ့ ဆင်းရူပကာ လှစေဖို့
“ မင်း ’’ “ သူ ’’ “ ငါ ’’ အားလုံး ကြိုးစားဖို့ လိုတယ်။
“ တို့အရေး ’’ .. “ တို့အရေး ’’ ဆိုတဲ့အသံက
အမှန်တကယ်ဒီမိုကရေစီမရသေးသမျှတော့ စစ်ခေါ်တေးတစ်ပုဒ် ဖြစ်နေဆဲပဲ။
မကျေနပ်မှု့တွေ ၊ ဒေါသတွေ ၊ လောဘ တွေ ရှိနေသမျှ
ငတ်နေသမျှ ၊ ဆင်းရဲ နေသမျှ ၊ မွဲနေသမျှ ကာလပတ်လုံး
ခဲလေသမျှ သဲရေကျ ပေါ့။
သစ်တောတွေကိုအပြောင်လှီး တောင်ကြီးတွေကိုဖြို
ကိုယ်ကောင်းစားဖို့ ဆိုတဲ့ အတ္တဆိုးကို လာဘ်ထိုးယူလို့ရနေသေးရင်တော့
ဝေဿာလီပြည် ဘီလူးကျတာထက် ဆိုးလိမ့်မယ်။
ဒီမိုကရေစီကမ္ဘာသို့ လို့ အော်ပြီးချီတက်ရာလမ်းကြောင်းတစ်လျှောက်
အောက်ခြေလူတန်းစားတွေက ဒုက္ခပေါင်းစုံနဲ့ နပန်းလုံး
အိုးအိမ် ၊ မြေ ၊ ယာ ၊ လက်မဲ့တွေ ဘ၀ကလည်း သေမင်းခေါ်သံတွေကြားထဲမှာ
လိပ်ကို ပက်လက်လှန်ထားသလို ယက်ကန် ယက်ကန်နဲ့။
ခေတ်မှီ နိုင်ငံကြီးသွန်းထုနေတာ ခုဆိုငွေရတုတိုင်ခဲ့ပြီ။
လက်ရှိအချိန်ထိတော့ ဒုက္ခတွေက ပုပ်ပွနေဆဲ။
ရဟန်းတွေ ၊ လူတွေ ၊ ကျောင်းတွေ ၊ ဘုရားတွေ ၊ မြေတွေ ပျောက်ဆုံးဆဲ
ခုလို ကိုယ့်နှလုံးသားကို ကိုယ်ပြန်ပြီး ဆက်လက်စားသုံးနေရင်
ဟင်္သာတွေလည်း မျိုးတုံးတော့မယ်။
လူမျိုးနွယ် စစ်ပွဲတွေ ကလည်း
၁၉၄၈ လွတ်လပ်ရေးနေ့ရဲ့ မနက်ဖြန်ကနေ ခုထိရှိဆဲ။
အာဏာထိပါးခံရမယ်ဆိုရင်လည်း ဘယ်သူသေသေ ပေါ့
ထစ်ကနဲရှိ ပစ်မယ် ခတ်မယ်နဲ့ ငတေ မာဖို့ ကြိုးစားနေကြဆဲ။
အဲဖရက်နိုဘယ်ကို အားနာလိုက်တာ
ငါတို့ဆီမှာ ပြသနာကို သေနတ်ပါမှ ရှင်းလို့ ရတယ်လို့ ထင်နေကြဆဲ။
တစ်ဖက်ကမီးစ တစ်ဖက်က ရေမှုတ်နဲ့
ဂုတ်သွေးစုပ်နေကြတဲ့ ခေတ်သစ်ဘူဇွာတွေရဲ့ ညှို့ချက်အောက်မှာ
အမျိုးပျောက်ချင်တဲ့ သူတွေကတော့
နိုင်ငံရေးလိုလို ၊ လူမျိုးရေးလိုလို ၊ ဘာသာရေးလိုလို နဲ့
ရောထွေးခံ ၊ အမွှေခံလို့ ကောင်းနေကြဆဲ။
အများကောင်းစားရေး လိုလို နဲ့ သားကျောင်းထားရေးအတွက်လုပ်ကြ
တရားမျှတရေး လိုလိုနဲ့ မယားလှပရေး အတွက် လုပ်ကြ
ကိုယ်ကျိုးစွန့်အနစ်နာခံမှု လိုလိုနဲ့ သူတို့အမျိုးအဓွန့်ရှည်ကြာစံ ဖို့ရာအတွက်
ဖန်လာသမျှ အကျိုးစီးပွားအရပ်ရပ်ကို အိတ်ကပ်ထဲ ထည့်နေကြဆဲ။
ခန်းခြောက်နေတဲ့အိုးတွေပစ်ထားပြီး
လျှံနေတဲ့အိုးတွေကို ရေထပ်ဖြည့်လို့ ကောင်းနေကြဆဲ။
အတတ်ပညာရှာဖို့ ဝေးစွ
မငတ်ပညာ တစ်ခုအဖြစ်(ဘ၀တူ)အများက ညွှန်လို့
ဘုရားကျွန် ဆိုပြီး ဘန်းပြ
လမ်းမ ထွက်ကာ တောင်းစားနေသူတွေ များနေဆဲ။
ညီမျှလား မညီမျှလားကြည့်
ကမ္ဘာသိအောင် ကြွေးတင်နေတာက ဆယ့်တစ် ဘီလီယံ
ပြည်ပဘဏ်တွေမှာ တို့မြန်မာတစ်ဦးတည်းကလည်း
အဲသည်လောက်တောင် အပ်ထားနိုင်သေးတယ်ဆိုပဲ။
ချမ်းသာတာ အမှတ်ကုန် နေတဲ့ လူတွေ ရှိသလို
ဝမ်းစာသာ မငတ်ရုံ ဖြစ်နေတဲ့ လူတွေလည်း ဒုနဲ့ဒေး။
တောင် တွေ့ရင်ဖြို မြစ် တွေ့ရင် ဖို့ ၊ သယံဇာတရစေဖို့ အလို့ငှာ မြင်ရာကိုသိမ်း
ဒိန်းကနဲ တစ်ချက်မြည်လိုက်ရုံနဲ့ ခုပဲ ရတနာပုံ ဆိုက်တော့မယ့်ကိန်း
သူတို့သိမ်းသွားတာကတော့
လူဆင်းရဲ ငမွဲတွေရဲ့ မျက်ရည်နဲ့ ဆေးထားရတဲ့ ဘိုးဘွားပိုင် ရတနာတွေ။
သဖန်းသီးမေတ္တာမျိုးနဲ့ ကျီးအာသီးတိုက်အိမ် ဆောက်နေသူတွေကို သိစေချင်တယ်။
မြို့ပြရဲ့ ကျက်သရေဆောင် ရောင်စုံရေပန်းတွေရဲ့တန်ဖိုးက
ဘ၀နွမ်းနေတဲ့ ကလေးပေါင်းများစွာကို ကျောင်းထားပေးလို့ ရတယ် ဆိုတာ …. ။
လမ်းဖွင့်ပွဲတွေ ၊ တံတားဖွင့်ပွဲတွေ ဖြစ်ထွန်းပြီးသား သီးနှံစိုက်ခင်းတွေ ကို
သတင်းတွေလုပ်လို့ ကြွားနေမဲ့အစား
တံတား အောက်က အိမ်ယာမဲ့ ကလေးတွေကို ထမင်းဟင်းတွေ ဝေပေးခဲ့ရင်
သူတို့တစ်တွေ တစ်ရက်လုံးပျော်ကြရမယ် ဆိုတာ …. ။
ဟော… ဟိုမှာ .. ဘရစ်တနီစပီးယား ၀ါးပြီးသားပီကေကို
ဒေါ်လာငွေ ထောင်ချီလို့ လေလံဆွဲနေကြတဲ့ခေတ်ထဲမှာ
တို့ဆီက ကလေးတစ်ယောက် ဒူးသောက်ခေါက် လိုက်အောင် လှည့်တောင်းလို့မှ
မုန့်ပေါင်းတစ်ခုဝယ်စားဖို့ငွေ မပြည့်ဘူးဆိုတာ…။
ကပ်သုံးပါး ၀ါးမြိုခံနေရတဲ့ ရင်သွေးငယ်တွေ အတွက်
ပရဟိတအဖွဲ့ ဆိုတဲ့ ကယ်တင်ရှင်ကို လည်တငင်ငင်နဲ့ မျှော်နေကြရတဲ့
မိဘတွေရှိနေကြတယ် ဆိုတာ ….။
. . . . . . .ဆိုတာ … . . . . . . .ဆိုတာ … တွေကိုပေါ့။
“ နာ’’ နေကြတဲ့ လူတွေဟာလည်း အခု တဖြည်းဖြည်းနဲု့ “ ဆာ’’ ကုန်ကြပြီ။
အတ္တတွေ … လောဘတွေ .. မတရားမှုတွေ …. ရန်ငြှိုးတွေနဲ့
စစ်မီးကို လောင်စာ မဖြည့်ကြပါနဲ့။
ငြိမ်းချမ်းရေးအတွက် အဓိကလိုအပ်ချက်ကို အဖြေရှာ
ဆင်းရဲမွဲတေမှု့ဟာ ငြိမ်းချမ်းရေးရဲ့ အတားအဆီး
လိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုက်ကြပါစို့။
စီးပွားရေးချိန်ခွင် မညီမျှမှု့ဟာ ငြိမ်းချမ်းရေးရဲ့ အဟန့်အတား
မှတ်သား ဖော်ထုတ်ပြကြပါစို့။
အဓမ္မ၀ါဒီ ဆိုတာ ငြိမ်းချမ်းရေးရဲ့ အနှောက်အယှက်
ဟန့်တားတိုက်ဖျက်ကြပါစို့။
စစ်နဲ့ ငြိမ်းချမ်းရေး ဘယ်ဟာအရေးကြီးလည်းဆိုတာသိရင်
ထိုင်ခုံ နဲ့ ဖင် မမြဲမှာ မပူရဘူး။
ခု တို့နိုင်ငံမှာ
ဗိုလ်ချုပ်အောင်ဆန်းက တစ်ယောက်တည်း…. အလိုတော်ရိ တွေက အများကြီး
ဦးသန့် ကတစ်ယောက်တည်း…. ဟစ်တလာလက်သစ် တွေက အများကြီး
အမေစုက တစ်ယောက်တည်း….. ဘင်လာဒင်လို လူတွေက အများကြီး။
ဘာသာမျိုးစုံက လူတွေတော့ ဆုတောင်းနေကြ ရှိခိုးနေကြပြီ
ငြိမ်းချမ်းပါစေ မြန်မာပြည်…. တဲ့..။
တောင့်တတဲ့ ဆုနဲ့ ပြည့်စုံရပါလို၏
မတောင့်တတဲ့ စစ်မီး ငြိမ်းရပါလို၏။
စစ်မှာ.. မျက်စိမပါဘူး ၊ ဆင်းရဲချမ်းသာမရွေး သေမင်းနိုင်ငံပို့တယ်
နောက်ထပ် စစ်ကို မမျှော်နဲ့ ၊ စစ်ခေါ်တေး ကိုလည်း မဆိုနဲ့
ဒီတစ်ခါမိုးပြိုရင် ဘယ်သူမှ လွတ်မှာ မဟုတ်ဘူး။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အရိုးသားဆုံး ၀န်ခံပါတယ်ခင်ဗျာ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အရိုးသားဆုံး ၀န်ခံပါတယ်ခင်ဗျာ
ဒီကဗျာ ကို
အဖြူရောင်ပရဟိတ အွန်းလိုင်း ဆိုဒ်မှာ ငြိမ်းချမ်းပါစေ မြန်မာပြည် ခေါင်းစဉ်များနဲ့
ပြိုင်ပွဲ ကျင်းပချင်းမှာ ပထမ ဆု ကို ရရှိသွားတဲ့ ကလောင်ရှင် မှော် ရဲ့ လက်ရာ ဖြစ်ပါသည် ..။
အခါအခွင့် မသင့်လို့ သူ့ဆီကနေ ခွင့်မတောင်းပဲ တင်ဖြစ်တာကိုလည်း စိတ်မကောင်း ဖြစ်မိပါတယ်
နားလည်ပေးနိုင်ပါစေ မှော် ကျွှန်တော် ကလောင်ရှင်ကို ခွင့်ပန်ဖို့ မျှော်လင့်နေပါတယ် ။
No comments:
Post a Comment