myspace codes
Click here for Myspace glitter graphics and Myspace layouts
-->

Pages

Saturday, March 2, 2013

“ စာဖတ်ခြင်းဖြင့်ဘ၀တိုးတတ်မှုရရှိလိုလျှင် ”

စာဖတ်ခြင်းဖြင့်ဘ၀တိုးတတ်မှုရရှိလိုလျှင်

“ ဘာတွေဖတ်နေလဲ ”

စာဖတ်သူချင်း တွေ့လျှင် သည်လိုပဲ မေးလေ့ရှိသည် ။
ဘယ်လို ဖတ်သလဲ ” ဟူ၍ကား မေးခဲလှသည် ။
သိုသော် စာဖတ်သူချင်းအတူတူ ဘယ်သူက ပို၍ စာအုပ်စာပေ၏ အကျိုးကျေးဇူးကို ခံစားသွားရလဲ ဟူသော အချပ်ကား မေးခဲလှသည့် ထိုဒုတိယ အမေးပေါ်တွင် မူတည်မေပေသည် ။

“ စာကို ဘယ်လိုဖတ်သလဲ ”
မှန်သည် ။

စာအုပ်တစ်အုပ်မှ လူတစ်ယောက် ဘာရသလဲ ဟူသော အချပ်ပေါ်တွင် မူတည်သည် ။

မြန်မာစာပေထဲက ကောင်းပေ့ ညွှန့်ပေ့ ဆိုတာမျိုး ဖြစ်စေ ၊ ကမ္ဘာစာပေ အဆီအနှစ် ဆိုတာမျိုးကိုပဲ ဖြစ်စေ ကောက်လှန်ကြည့်လိုက်သည်အခါ ကိုယ်တကယ် စိတ်မ၀င်စားသော်လည်း အခြားစာအုပ်သမားများနှင့် တွေ့လျှင် အဲဒီစာအုပ်ကြီး မိမိဖတ်ပြီးပြိ ပြောနိုင်အောင် ဟူ၍ အခြောက်တိုက် အချိန်ကုန်ခံ ဖတ်ရှုသူများမှာ ထိုစာအုပ်ထဲမှ ဘာအနှစ်သာရ တစ်ခုမျှ ရလိုက်မည် မဟုတ်ပေ ။
သို့သော် လူအတော်များများမှာ ထိုသို့ အချိန်ကုန်ခံရကျိုး မနပ်သော သဘောကို မသိ ၊ မိမိအတွက် အကျိုးကျေးဇူး မရှိသည့် အဖြစ်ကိုလည်း မရိပ်မိပဲ စာဘယ်နှစ်အုပ် ဖတ်ပြီးပြိဟူ၍ ၀င့်ကြွားဂုဏ်ယူနိုင်ရန်သာ လုံးပန်းနေကြပေသည် ။
ဒီအပတ်ထဲ ဖတ်တာ ဘယ်နှစ်အုပ် ရှိသွားပြီ ။
ပြီးခဲ့တဲ့ တစ်လအတွင်း ဘယ်နှစ်အုပ် ။
တစ်နှစ်လုံး အတွင်းမှာတော့ ဘယ်လောက် ။
စသဖြင့် ဖတ်သည့် အရေ အတွက်ကိုသာ စာရင်းတင်နိုင်ရန် ကြိုးပမ်းနေကြသူများမှာ သူတို့ အလေးထားသည့် အရေအတွက် ကိစ္စဘက်တွင် စံချိန်တင်ချင် တင်နေနိုင်ကြမည် ဖြစ်သော်လည်း စာအုပ်မှ ဘာအသိပညာ ဗဟုသုတ ရသလဲ စစ်ကြောကြည့်လျှင်မှု ဘာမှ ရေရေရာရာ မရှိလှသည်ကို တွေ့ရမည် ဖြစ်သည် ။

စာအုပ်ထဲမှာ ပါလာသည့် ဗဟုသုတ အချပ်အလက်များကို သူတို့ မသိရှိ ၊ မမှတ်မိကြ ။ စာအုပ်က တင်ပြသည့် စဉ်းစားဆင်ခြင်စရာ အချပ်အလက်များကို သူတို့ မမြင်ကြ ။ မစဉ်းစား မဆင်ခြင်မိကြ ။
ထို့ကြောင်း စာအုပ်က ပေးသည့် သင်ခန်းစာ ၊ စာအုပ်တွင် ပါသည့်
လောက အမြင်ဟူသည်တို့ကိုလည်း သူတို့ မရရှိကြ ။ တစ်နည်းပြောရလျှင် စာဖတ်ခြင်းကြောင်း သူတို့ ဘ၀မှာ ဘာတစ်ခုမျှ တိုးမလာပေ ။
သာမာန်အားဖြင့် စဉ်းစားလျှင် သည်လူတွေသည် အကျိုးမရှိသော အလုပ်တစ်ခု အတွက် အချိန်ကုန်ခံနေကြသည်ဟု မြင်စရာအကြောင်းရှိ၏ ။ စင်စစ် ထို့ထက် ဆိုးပေသည် ။
သူတို့သည် အကျင့်ဆိုး တစ်ခုကို မွေးမြူနေကြခြင်း ဖြစ်၏ ။
အလုပ်တစ်ခုကို ပေါ့ပေါ့တန်တန် လုပ်တတ်သည့် အကျင့် ။
စာဖတ်သည့် အလုပ်ကို ခပ်ပေါ့ပေါ့ လုပ်သူသည် အခြား ကိစ္စရပ်များတွင်လည်း တို့ကနန်း ဆိတ်ကနန်း စမ်းကြည့်လိုက် ချထားလိုက် လုပ်တတ်၏ ။ လုပ်ဖူးသည်ဆိုရုံ မြည်းစမ်းကာ တကယ်စိတ်အား လူအား စိုက်ထုတ်ရမည့် အချိန်၌ အသာ ရှောင်ထွက်သွားတတ်သည့် ပေါ့တန်လျော့ရဲသော စိတ်ဓါတ်ပိုင်ရှင်မျိုး ဖြစ်လာတတ်၏ ။ စာအုပ် အငှားဆိုင်သို့ ခေါက်တုန်ခေါက်ပြန် သွားနေကြသူများကို စိစစ်ကြည့်ပါ ။
စာကို အလေးအနတ် တန်ဖိုးထား ဖတ်ရှုနေကြသူတွေ ၊ စာအုပ်စာပေမှ အကျိုးကျေးဇူး ခံစားရယူမည် ဟူသော ရည်ရွယ်ချက်ဖြင့် ကျိုးစားနေကြသူတွေလည်း ရှိပါသည် ။
သို့သော် တော်တော်များများကမူ ဘာအလုပ်မှ လေးလေးနတ်နတ် တတ်တတ်ကြွကြွ လုပ်မနေသူတွေ အားအား ယားယား ပေါ့ပေါ့ တန်တန် သမား တွေ သာ ဖြစ်ကြောင်း တွေ့ရလိမ့်မည် ။
သူ ဖတ်သော စာအုပ်ကိုလည်း အကဲခတ်ကြည့်ပါ ။ ခပ်လွယ်လွယ် ခပ်ပေါ့ပေါ့ ၀တ္ထုတွေကို အသည်းအသန် ရေးတကြိး လုဖတ်နေသည်။
သို့သော် သူများထက် ဦးအောင် မဖတ်ရမှာ စိုးသဖြင့်သာ အသည်းအသန် ဖြစ်နေရသည် ။ စာအုပ် လက်ထဲ ရောက်လာတော့ လေးလေးစားစား ဖက်သလား ကြည့်ပါ ။ မဖတ် ။ ရှပ်ရှပ် ရှပ်ရှပ်
နှင့် သုံးနာရီ မပြည့်မီ စာမျက်နာ သုံးရာကျော် ရှိသည့် စာတစ်အုပ် သူ ပြီးသွားလိမ့်မည် ။ သူ ဘာလုပ်နေသလဲ ။
သူ စာဖက်တာ ဘာ အဓိပ္ပာယ် ရှိသလဲ ။
စာတွေ သည်လို ဖတ်နေသဖြင့် သူ တစ်နေ့ ဘာဖြစ်လာမည် ရည်မှန်းထားသလဲ ။
မမှန်းပါ ။
သူ့မှာ ဘာရည်ရွယ်ချက်မှ မရှိသလို ဘာ အလားအလာမှ မရှိပါ ။
စာဖတ်စ လူငယ်လေးတွေသာ မဟုတ် ၊ စာဖတ်သက် လေးငါးဆယ်နှစ် သို့ မဟုတ် သည့် ထက်မက ရှိနေသူ အတော်များများပင် သည်ပုံစံအတိုင်း ဖတ်နေကြသည် ။
ဤသည်မှာ စာဖတ်ခြင်း မဟုတ် ။ မူးယစ် ထုံထိုင်းဆေး တစ်မျိုး
စွဲနေသည့် သဘော ဖြစ်နေသည် ။
တချို့ ပုဂ္ဂိုလ်များက ပြောကြသည် စာဖက်စ အရွယ်မှာ ဘာဖြစ်ဖြစ် ဖတ်ပါစေ ၊ မစိုးရိမ်ပါနဲ့ ၊ အချိန်တန်လျှင် ၊ စာဖတ်သတ် ရင့်လာလျှင်
အဆင့် တတ်လာလိမ့်မယ် ။ အဆင့်ရှိတဲ့ စာမျိုးမှ ကြိုက်တတ်လာလိမ့်မယ်ဟု ဆိုကြသည် ။
သည်လောက် မလွယ်ပါ ၊ စာအုပ်စာပေကို တန်ဖိုးထာ်းသောစိတ် ၊
စာအုပ် စာပေကြောင်း မိမိဘ၀ တိုးတတ်စေရမည် ဟူသော ရည်မှန်းချက်နှင့် ၊ စာကောင်းပေကောင်းကို ရွေးချယ်ကာ လေးလေးစားစား ဖတ်ရှုမှသာ တကယ်အကျိုးရှိမည် ဟူသော
အသိမျိုး ခေါင်းထဲတွင် ရှိမနေပါက စာဖက်သက် မည်မျှကြာသော်လည်း စာသမားကောင်း ဖြစ်လာမည် မဟုတ်ပါ ။
တစ်ဖန် ၊ စာဖတ်ခြင်းကြောင်း မိမိဘ၀အတွက် အကျိုးကျေးဇူး တစ်စုံတစ်ရာ ရရှိလိမ့်မည်ဟု မျှော်မှန်းကြသူများထဲတွင်လည်း ရှေ့ပိုင်းက ဆိုခဲ့သလို ကြိးကျယ်သော ဘယ်စာအုပ်ကြိးကို ငါ ဖတ်ပြိးပြီဟု ပြောနိုင်ရေးဘက်သို့ လမ်းလွဲကာ စာပကာသနသမား ဖြစ်သွားကြသူတွေ အများပင် ရှိသည် ။
စာပကာသနသမားများမှာ စာအုပ်ကောင်း စာအုပ်သန့်များကိုကား ရွေးချယ်ပါ၏ သို့သော် အလျင်အမြန် ပြိးအောင် ရှုပ်ဖတ် ကျော်ဖတ်ကြ
လင်းတမျို မျိုချကြသည် ဖြစ်ရာ အစာမကြေ ရောဂါစွဲကပ်ကာ နောင်တွင် စာမြင်လျှင် ကြောက်သလို မုန်းသလို ဖြစ်လာပြိး ဟန်ဆောင် ပန်ဆောင်ပင် မဖတ်ရဲ ဖြစ်သွားတတ်သည် ။
ထို့ကြောင်း စာဖတ်သူ တစ်ယောက် အနေနှင့် စာအတွက် မိမိအချိန်ကုန် လူပန်းခံသလောက် စာမှ မိမိ အတွက် ထိုက်တန်သော အကျိုးကျေးဇူး ရရှိလိုသည် ဆိုလျှင် ၊
စာဖတ်ရ၌ ရိုးသားမှု ရှိရန် လိုသည် ။
စာကို လေးစားယုံကြည်ရန် လိုသည် ။
စာထဲက ရတနာကို အလွယ်တကူ လက်ဖြန့်ခံယူ၍မရ ၊ ကိုယ်တိုင်တူးဆွယူငင်မှ ရမည်ဟူ၍လည်း သဘောပေါက်ထားရန်လိုသည် ။
စာကို အရေအတွက် အမြောက်အမြား ဖတ်ရှုနေစရာ မလို ။
ဖတ်သမျှ စာ၏ အနှစ်သာရကို မိမိဦးနှောက်ထဲ အသွေးအသားထဲ စိမ့်ဝင်အောင် စုပ်ယူသိမ်းဆည်းနိုင်ရန်သာ လိုသည် ။
သည့်အတွက် ဘယ်သို့ လုပ်မည်နည်း ။
“ စာအုပ်များထဲမှ အနှစ်သာရတွေ စုပ်ယူရရှိလိုပါက စာ ၁၅ မီးနစ်
ဖတ်ပြီး ၄၅ မီးနစ် စာမျှ ပြန်လည် စဉ်းစားသုံးသပ်မှုပြုပါ ”
ဟူ၍ “ ရစ်ချတ်လဂယ်လီယင်း ” အမည်ရှိ အင်္ဂလိပ်စာပေပညာရှင်ကြီး တစ်ဦးက အကြံပြုခဲ့သည် ။
စာကို သေချာစွာ ဖတ်ပါ ။ စာရေးသူ၏ အဓိက ဆိုလိုရင်း အချက်များကို ဖော်ထုတ်စီစစ်ပါ ။ ထို့နောက် ယင်းတို့ကို အပြန်ပြန် အလှန်လှန် သုံးသပ် ဆင်ခြင်ကာ မသင့်သည်တို့ကို ပယ်၍ ကျိုးကြောင်း သင့်မြတ်သည် မှန်ကန်သည်ဟုယူဆသည့် အချက်များကို လက်ခံမှတ်သားပါဟူသော သဘောဖြစ်သည် ။
“ ဂျွန်လော့ခ် ” အမည်ရှိ ပညာရှိကြိးကလည်း ၊ “ စာဖတ်ခြင်းက ကျွန်ုပ်တို့အား အသိပညာ အချက်အလက်များ ခင်းကျင်းပြသရုံသာ ပြသသည် ။ စဉ်းစားဆင်ခြင်ခြင်းကသာ ယင်းအသိပညာအချက်အလက်များကို ကျွန်ုပ်တို့၏ ကိုယ်ပိုင်ပစ္စည်းများ ဖြစ်လာစေသည် ” ဟု ဆိုခဲ့သည် ။
ထို့ကြောင့် စာဖတ်ပါ ။ စဉ်းစားဆင်ခြင်ပါ ။ပြိးလျှင် မှတ်သားသင့်သည်ကို မှတ်သားပါ ။
သည်လိုစာဖတ်သူမျိုးသည် အသိပညာ ကြွယ်ဝလာလိမ့်မည် ။ စာကြောင့် သူ့ဘ၀ ဖွံ့ဖြိုးတိုးတတ်လာလိမ့်မည်။ သူ စာဖတ်ခြင်းသည် သူ့ ဘ၀ကို ပြုစုပျိုးထောင်နေခြင်း ဖြစ်သည် ။ မိမိဘာသာ မိမိ သင်ရိုးညွှန်တမ်းများ ချကာ ပညာဆည်းပူးလေ့လာနေသည့် သဘောမျိုးလည်း ဖြစ်သည် ။
စာကိုနှစ်ရှည်လများ စနစ်တကျ ဖတ်ရှုလာသူသည် တက္ကသိုလ်ကောလိပ်မှာကဲသို့ ဘွဲ့လက်မှတ် တစ်စုံတစ်ရာ မရရှိသော်လည်း တက္ကသိုလ် ဘွဲ့ ရလာသူထက်မက အသိညဏ် အမြော်အမြင်နှင့် ဗဟုသုတတွေ ကြွယ်ဝကာ လူ့လောက ဘ၀နယ်ပယ်စုံ၌ ဦးဆောင် လှုပ်ရှားနိုင်သူ တစ်ဦး ဖြစ်လာလိမ့်မည် ။
“ အေဗရာဟမ်လင်ကွန်း ” ကို ကြည့်ပါ ။
လူပျိုပေါက် အရွယ်တွင် စာ စသင်ခဲ့ရသည် “ လင်ကွန်း ” သည်
စာတတ်စကာလ စာကို အငမ်းမရ ဖတ်ချင်သော ကာလက ရွေးဖတ်စရာ စာအုပ်များများ မရခဲ့ ။ သူ နေထိုင်ရာ ကျေးလက်တောရွာတွင် တွေ့ရှိရသမျှ စာအုပ်များကိုသာ ညက်ညက်ကျေအောင် ၀ါးစားခဲ့ရသည် ။
သို့သော် ကံအားလျော်စွာ ထိုစဉ်က ကျေးလက်တောရွာမှာ သူတွေ့ခဲ့ရသည့် စာအုပ်များသည် စာကောင်း ပေကောင်းများ ၊ ဂန္ထ၀င် စာပေကြီးများ ဖြစ်ခဲ့သည် ။
အရေအတွက် မများလှသည့် သည်စာအုပ်ကောင်းများကို ၀ါးမျိုခွင့်
မိမိ အသွေးအသားထဲတွင် မပြက်စီးဆင်း လည်ပက်နေအောင် စုပ်ယူသိမ်းဆည်းခွင့် ရခဲ့သည့် “ လင်ကွန်း ” သည် သည်စာအုပ်များ
က ပေးသည့် အသိအမြင်များ ၊ ထို အသိအမြင်များကို ဖော်ကျူးသည့် ပီပြင်ပြောင်မြောက်သော ဝေါဟာရစကားလုံးများ ၊
ယင်းစကား ယင်းအမြင်များက တိုက်တွန်းလာသည့် လုပ်ရပ်များအားဖြင့် သူ့ ဘ၀ စတင်ရာ ကျေးလက်တောရွာနှင့် တောမြို့ တောနယ် တစ်ခွင်တွင် ဦးဆောင်နိုင်သူ တစ်ဦး ဖြစ်လာခဲ့သည် ။ ထို့နောက် ထိုအခြေခံမှ စတင်ကာ သူ့နိုင်ငံ၌သာမက ကမ္ဘာတစ်လွှားတွင်ပါ ထင်ရှားသူ လေးစားခံရသူ တစ်ဦး ဖြစ်အောင် ဆက်လက်တတ်လှမ်းနိုင်ခဲ့သည် ။
“လင်ကွန်း ”သည် ကွယ်လွန်ချိန်အထိ စာကို လေးလေးစားစားဖတ်ရှုသူ တစ်ဦးဖြစ်ခဲ့သည် ။ စာဖတ်သည် ။
သုံးသပ်ဝေဖန်သည် ။ လေ့လာကျက်မှတ်သည် ။ အလျဉ်းသင့်သလို
ကိုးကားသုံးစွဲသည် ။ စာက ပေးသော အသိ အမြင်ကို လက်တွေ့ ဘ၀ ပြသာနာများ ဖြေရှင်းရာ၌ အသုံးပြူသည် ။
သူသည် တသက်လုံး စုပေါင်းမှ ကျောင်း ၁၂ နေခဲ့ ရသူဖြစ်သော်လည်း ဥပဒေပညာနှင့် အထွေထွေစာပေ ဗဟုသုတဘက်တွင် တက္ကသိုလ်မှ ပါ ရဂူဘွဲ့ရ ပုဂ္ဂိုလ်များကို ယှဉ်ပြိုင်နိုင်သည် အထိ မိမိကိုယ်ကို ကိုယ်တိုင်ရှာ ပညာဖြင့် မြှင့်တင်ခဲ့သူ ဖြစ်သည် ။
“ လင်ကွန်း ” ကား စာဖတ်ခြင်း၏ အကျိုးကျေးဇူးကို အပြည့်အ၀ ခံစားသွားရသည့် စံနမူနာပြ စာဖတ်သမားကောင်း တစ်ယောက်ဖြစ်ပေသည် ။
စာကို စီစစ်ဝေဖန်သော စိတ်ဖြင့် ဖတ်ရှုသင့်ကြောင်း ၊ စာဖတ်ရုံနှင့်
မပြီး ဖတ်ပြိးသည့် စာကို စဉ်းစားသုံးသပ် စီစစ်ခံယူတတ်မှသာ စာမှ
အကျိုးကျေးဇူးခံစားရမည် ဖြစ်ကြောင်း ဆိုခဲ့သည် ။
ဤသည်မှာ ပြသာနာ တစ်ကဏ္ဍ ဖြစ်၏ ။
နောက်ထပ်စဉ်းစားရန် ကျန်သေးသည် ။ မည်သည့် စာအုပ်ကို ဖတ်ရှုမည်ဟူသော အချက် ။
မိမိအား အကျိုးပြူမည့် စာကောင်းပေကောင်းကို ရွေးချယ် ဖတ်ရှုလိုသူများ အတွက် အထောက်အကူပြုနိုင်သည့် လမ်းညွှန်ချက် တချို့ ရှိသည် ။
တရားသေ မှတ်ထားရန်က မဟုတ် ၊ စဉ်းစားဝေဖန်၍ အသုံးပြုရန် ဖြစ်သည်။
“ အီမာဆင် ” ဆိုသော ပုဂ္ဂိုလ်ကြိးက စာဖတ်သမားများ သတိပြုရန်
အချက်သုံးရပ်ကို ပြောကြားခဲ့သည် ။


( ၁ ) သက်တမ်းတစ်နှစ်မပြည့်သေးသည့်
စာအုပ်များကို မဖတ်ပါနှင့် ။
စာနယ်ဇင်းများကို မဆိုလိုပါ ၊ ပေါ်ပင်စာအုပ်မျိုး ၊ ရေရှည်တည်တံ့ရန် မသေချာသော စာအုပ်မျိုး ( သို့မဟုတ် ) တကယ်တန်းဖိုးရှိမှာ မသေချာသော စာအုပ်မျိုးကို မဖတ်နှင့်ဟု ဆိုခြင်းဖြစ်သည် ။

( ၂ ) မထင်ရှား မကျော်ကြားသော စာအုပ်များကို မဖက်ပါနှင့်
စာအုပ်တစ်အုပ်သည် တကယ်ကောင်းရိုး တန်ဖိုးရှိရိုး မှန်လျင် ထင်ရှားရမည် ။ ကျော်ကြားရမည် ။ မထင်ရှားပဲ ကောင်းသော စာအုပ်များ ရှိချင် ရှိနေနိုင်ပါသည် ။ သို့သော် မသေချာ ။ ထို့ကြောင်း
ကောင်းကြောင်း သေချာသော စာအုပ်များကိုသာ ဖတ်ကြ ။
၎င်းတို့ချည်း ရွေးဖတ်လျင်ပင် တစ်သက်လုံး ဖက်၍ မကုန်နိုင် ဟူသော
သဘောဖြင့် ပြောခြင်း ဖြစ်သည် ။


( ၃ ) ကိုယ့်အသိညဏ် အဆင့်နှင့် မမှီသေး၍ဖြစ်စေ ၊ ကိုယ်ကျွမ်းကျင်
ရာ နယ်ပယ်နှင့် ဝေးလံ၍ ဖြစ်စေ ၊ မိမိဖတ်ကြည့်သည့် အခါ စိတ်မ၀င်
စားနိုင် ၊ နားမလည်နိုင် ၊ အရသာမတွေ့နိုင် ဖြစ်နေသည့် စာအုပ်မျိုးကို နာမည် ဘယ်လောက် ကြိးသည် ဆိုစေ ၊ ဘယ်ဆရာကြိးတွေ ဘယလောက် တန်းဖိုးထားကြသည်ဟု ပြောကြသည်ဖြစ်စေ
ဒုက္ခခံ၍ မဖတ်နှင့် ။ စာမုန်းသွားလိမ့်မည် ။ စာကြောက်သွားလိမ့်မည်။
စာအုပ်ကောင်း များစွာထဲမှ လက်ရှိ မိမိအသိပညာ အဆင့်အတန်း ၊
လက်ရှိမိမိစိတ်ဝင်စားမှု နယ်ပယ်တို့နှင့် အံဝင်ခွင်ကြဖြစ်သော စာအုပ်မျိုးကိုသာ ဖတ်ပါဟု ဆိုလိုခြင်း ဖြစ်သည် ။

နှိုင်းနှိုင်းချိန်ချိန် သုံးစွဲသူများ အတွက် တန်ဖိုးရှိမည့် လမ်းညွှန်ချက်များ ဖြစ်သည် ။ စာဖတ်ခြင်းနှင့် ပက်သက်၍ အများကိုးကားလေ့ ရှိသည့်
“ ဖရန်စစ်ဘေကွန် ”၏ အဆို အမိန့် တစ်ခုကိုလည်း တင်ပြလိုသည် ။
“ ဘေကွန် ” က
“ အချို့ စာအုပ်များသည် မြည်းစမ်းရန် ၊ အချို့ မျိုချရန် ၊ အချို့က ညက်ညက်ကြေအောင် ၀ါးကာ အစာချေရန် ဖြစ်သည်ဟု ဆိုခဲ့သည် ။
အဓိပ္ပာယ်က အချို့ စာအုပ်များသည် တစ်စိတ် တစ်ဒေသမျှ ဖတ်ရှုကြည့်ရန် ၊ အချို့ကား ဖတ်တော့ ဖတ်မည် သို့သော် သိပ်အသေးစိတ် အလေးအနတ် မဟုတ် သာမန်မျှ ဖတ်ရန် ၊ အချို့ စာအုပ်များ သာ တကယ် အပြည့်အ၀ အလေးနတ် ဖတ်ရှုရန်ဟူ၍
ဖြစ်ကြောင်း ၄င်းကပင် ရှင်းလင်း ဖွင့်ဆိုခဲ့ပါသည် ။
“ဘေကွန် ” ဆိုခဲ့သည့် စကားသည် စိတ်ဝင်စားစရာ ကောင်းပါ၏ ။
သို့သော် တကယ့် လက်တွေ့ကျင့်သုံးမည် ဆိုသည်အခါ၌မူ မပြည့်စုံသေးသလို ဖြစ်နေသည် ။
ဘယ်စာအုပ်ကို မြည်းစမ်းမည်လည်း ။
ဘယ်စာအုပ်ကို မျိုချကာ ဘယ်စာအုပ်ကို ညက်ညက် ၀ါးစားရမည်လဲ။
ပြသာနာ တစ်ပိုင်းတစ်စ ကျန်နေသေးသည် ။
သို့သော် စာသမားကြီးများအကြောင်း စဉ်းစားကြည့်သည့် အခါ၌မူ
အဖြေကို တွေ့လာရသည် ။
ဥပမာ “ လင်ကွန်း ”
ဥပမာ “ ဂန္ဓီ ”
ဥပမာ ” ဗိုလ်ချုပ်အောင်ဆန်း ”
စသည့် အောင်မြင်ကျော်ကြားခဲ့သော စာသမားကြိးများ ။
သူတို့သည် စာထဲက အသိပညာဗဟုသုတကို လက်တွေ့ဘ၀တွင်
အထိရောက်ဆုံး အသုံးချကြသည့် အသုံးချ သမားကြိးများ
ဖြစ်ကြသည် ။
သူတို့သည် စာကို အပျော်သဘော ဖတ်ကြသူများ မဟုတ်ကြ ။
ငယ်စဉ်ကာလ စာအုပ်စာတမ်း များများစားစား မတွေ့ရဖူးသေခင် အခါက နီးစပ်ရာ ရရာ စာကို ဖတ်ရှုခဲ့ ရဖူးမည် ။
သို့သော် နောက်ပိုင်းကာလ သူတို့ဘ၀တွင် ဦးတည်ချက် ကိုယ်စီရှိလာပြီး ၊ သီးသန့်လုပ်ငန်း နယ်ပယ် ၊ သီးသန့်ဘ၀လမ်းကြောင်းများ ရှိလာပြီ ဆိုသည့်အခါ၌မူ ထိုလုပ်ငန်းနယ်ပယ် ထိုဘ၀လမ်းကြောင်းတို့နှင့် သက်ဆိုင်သည့် စာအုပ်စာတန်းများကိုသာ သဲသဲမဲမဲ ကျေကျေညက်ညက် ဖတ်ရှုကြသည် ။
သူတို့သည် သူတို့ ရွေးချယ်ချမှတ်ထားသည့် သူတို့ ဘ၀များ အပီအပြင် အပြောင်မြောက်ဆုံး တည်ဆောက်နိုင်ရန် အတွက် စာအုပ်စာပေကို အသုံးပြု သွားခဲ့ကြသူများ ဖြစ်သည် ။
ထို့ကြောင်း ၊ စာဖက်သူ မိတ်ဆွေ ။
စာပေဖြင့် သင့်ဘ၀ တိုးတတ်အောင်မြင်လိုမှု ရလိုသည် ဆိုလျှင် ၊
ရှေးဦးစွာသင်သည် ဤဘ၀၌ အဘယ်သို့သော နယ်ပယ်တွင် ကျင်လည်လှုပ်ရှားမည် ၊ ပေါက်မြောက်အောင်မြင်အောင် ကြိုးပမ်းမည် ဟူ၍ ဦးတည်ရည်မှန်းထားပါသလည်း ။
စဉ်းစားပါ ။
ပြီးလျှင် ဖတ်စရာ စာအုပ် ရွေးချယ်သည့် အခါ၌ ယင်းဦးတည်ရည်မှန်းချက်နှင့် ဆက်စပ်ပက်သက်သယောင် ထင်ရသော စာအုပ်များကို တကယ်ဆက်စပ် သေချာအောင် မြည်းစမ်းကြည့်ပါ ။
အတန်အသင့်မျှ ပက်သက်သည့် စာအုပ်မျိုးဖြစ်လျှင်
ခတ်သုတ်သုတ် မျိုချသော နည်းမျိုးဖြင့် ဖတ်ရှုပါ ။
မိမိနှင့် လုံးလုံးလျားလျား ဆက်စပ်ပတ်သက်သည့် စာအုပ်မျိုးကိုမူ
ညက်ညက်ကြေအောင် ၀ါး ၊ အစာချေ ၊ အသွေးအသားထဲ စုပ်ယူဟူ
သော ၊ နည်းမျိုးဖြင့် ဖတ်ရှုပါဟု အကြံပြု တင်ပြလိုက်ရပါသည် ။

…………………………………..
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မည်သူမဆို ညအိပ်ရာဝင်ချိန်၌ မနတ်အိပ်ရာထချိန်ထက် နည်းနည်းဖြစ်စေ အသိညဏ်ပညာ ပိုရှိနေရမည် ။
အကယ်၍ ထိုသို့ ရှိအောင် မပြုလုပ်ပါက လူတစ်ယောက်အနေနှင့်
အကြိးမားဆုံး သော ပြစ်မှုကို ကျူးလွန်ရာရောက်သည် ။

ဆရာဖေမြင့် ဘာသာပြန် ရေးသားထားသော
ဦးနှောက်တွင် ရင်းနှီးမြှုပ်နှံပါ စာအုပ်မှ ကျွှန်တော် ကြိုက်နှစ်ရာရာလေးကို ကောင်းနုတ်တင်ပြလိုက်ပါသည် ။

ချစ်ရအောင်
ရေးသားတင်ပြသည် ။

No comments:

Post a Comment