myspace codes
Click here for Myspace glitter graphics and Myspace layouts
-->

Pages

Wednesday, September 26, 2012

{{ ရင်ဘက်ထဲက အသံများ }}





( ၁ )ဇာတိရပ်ရွာဖွား ကျုပ်တို့ထက်
ဘယ်သူများ ခံစားလွမ်းစွတ်နိုင်မှာတဲ့လဲ
အို . . .ကြည့်စမ်းပ . . .ကြည့်လိုက်ကြစမ်းပ
ထနောင်းရိပ် မကျည်းရိပ် တမာရိပ် စိမ်းမှောင်အုပ်ဆိုင်းနေတာတွေ
မြေနံ့သင်းသင်း ကောက်နံ့သင်းသင်း တမာနံ့သင်းသင်း စတာတွေ
ဖုန်ခိုး မြူခိုး ငွေ့ငွေ့ပြာပြာ ဖြူမှောင်မှောင်တွေ
ပလွေသံညှင်းညှင်း ဂျိုးကူသံပြင်းပြင်းတွေ
စီန်ပန်းပွင့် နီနီရဲရဲ ဆုပ်ဆုပ်ခဲခဲ အပင်အမြင့်ကြိးတွေ
တငွေ့ငွေ့ တရှိန်ရှိန် အပူတံလျှက် ငွေရောင်ဖျတ်ဖျတ်တွေ
ရေတစ်မှုတ်နဲ့ အငမ်းမရ နွေသောက်ကျသူတွေ
ရွာထိပ်က ရေကန်သာ ရေဆင်းဝါးဆင်းတံတား ကြာဖြူ ကြာနီ
ရေအိုးကလေးတွေ ကိုယ်စီရွက်ပါလို့
သနပ်ခါး ပါးကွက်ကြား ကျေးလပ်ပန်းရိုင်း ရောင်စုံလေးတွေ
နွားအုပ်တွေ ဆိတ်အုပ်တွေနဲ့ ပုဆိုးစလွယ်သိုင်း
နွားကျောင်းသား ဆိတ်ကျောင်းသားလေးတွေပါကွဲ့
သျှောင်ပေစူးလေးတွေနဲ့ လောက်လေးခွကိုယ်စီနဲ့
ကျေးတောသားလေးတွေပါကွဲ့
ဆွတ်ပျံ့လွမ်းမောခဲ့ရပေ . . .
ရေမြေတောတောင်တို့ အသိသက်သေ ။


(၂ ) အီးမေး(လ်) ၊ ဖက် (စ်) ၊ အင်တာနက်ဆိုတာတွေနဲ့
အလှမ်းဝေးနေသေးတဲ့ရွာ
ကမ္ဘာကြီးက ၀ိုင်းဝိုင်းကြီး လုံးနေတုန်းပါပဲ
ဘယ်မလဲ ကမ္ဘာ့ရွာ ဘယ်မလဲ ကမ္ဘာ ပြားပြားကြိး
ရွာအရှေ့ဖျား ဘုန်းတော်ကြီးကျောင်း အောက်ထပ်က
ခေါင်းလောင်းသံ ချိုချိုလွင်လွင်ဟာ
ကျုပ်တို့ကမ္ဘာပေါ့ ကျုပ်တို့ ရိပ်မြုံပေါ့ ။
ဆရာတော်နှင့်တကွ ဆရာ ဆရာမများ
သွန်သင်ဆုံးမ သင်ကြားပေးခဲ့
ကျေးလက်မူလတန်းပညာ ရင်ဝယ်ပိုက်လို့ရယ်
““ ဦးအာစိဏ္ဏ ”” ကျောင်းထွက်ဆိုတဲ့ ဂုဏ်ပုဒ်တစ်လုံးနဲ့
ရွာလယ်လမ်းမှ ၀မ်းနည်း ၀မ်းသာ ထွက်ခွာ
ပတ္တာကျိုးပဲ ၊ ဆူးနွယ်တွေ ရစ်ပက်ဖွဲ့နှောင်
သစ်သားဘောင် ဆွေးမြေ့ကျိုးပျက်နေတဲ့
ရွာရိုးတံခါးကို ပွေးဖက် နှုတ်ဆက်
မြို့ကျောင်းတတ်ဖို့ မြို့တတ်ခဲ့ပါပြီ ။
ကျောင်းလွယ်အိတ် စလွယ်သိုင်းလို့
အရိုင်းတောသားလေးရင်ဖို
ဒီလို ရင်ဒိတ်ဒိတ်ခုန်ရတာမျိုး
ဒီလို သွေးတွေဆူကြွခဲ့ရတာမျိုး
ဒီလို မျက်လုံးအစုံတွေ ၀င်းလက်
မျက်နာတွေ ရှိန်းဖိန်း ပူနွေးရတာမျိုး
တစ်သက်နဲ့ တစ်ကိုယ် မခံစားဘူးဘူး
ကျုပ် ရွာကို တစ်ခါမှ မခွဲခဲ့ဖူးဘူးလေ ။
ခါးကြစတမ်းဆိုရင် တမာပင်ထိပ်ဖျားက
ကြက်ဟင်းခါးသီးမယ့်ကောင်ပါ
ချိုကြစတမ်းဆိုရင်လည်း ပျားအုံရဲ့လည်ဘို့မှာ
ထန်းလျက်ချပ်မယ့်ကောင်ပါ
စကားဆို တုတ်ထိုးအိုးပေါက် တစ်တစ်ခွခွ
ဘယ်သူ့မျက်နာမှ မထောက်ပဲ
ရိုးရိုးရှင်းရှင်း ဘွင်းဘွင်းကောင်ပါ

ဂျီအက်(စ်)အမ်တွေ ခါးကြားမထိုးခင် ခေတ်ကတည်းက
ဖီနပ်ခါးကြားထိုးလာတဲ့ ခေတ်ဦးက ကောင်ပါ ။
လေးတန်းအောင် ကျောင်းနှုတ်
လယ်ယာလုပ်ငန်းခွင်ဝင်
သေစာရှင်စာ ဖက်တတ်ရင် တော်ပြီဆိုတဲ့
အဖေနဲ့ အတိုက်ခံလုပ်
ဖော်မြူလာ အဟောင်းကို ဆွဲဆုပ်ပစ်ခဲ့မိတယ်
ဘိုးဘွားမိဘတွေရဲ့ လုပ်ငုတ်လက်ရင်း
ကျုပ်ငြင်းပယ်ချင်လို့ မဟုတ်ရပါဘူး
ပညာခေတ် မဟုတ်လား ? အိုင်တီ ခေတ်ကြီး မဟုတ်လား ?
နည်းပညာအသစ်တွေ စူးစမ်းရှာဖွေရပေမပေါ့ ။
ဒီလိုနဲ့ ရွာကနေ ၈ မိုင် ၉ မိုင်
ကျောင်းတော်သားကြီး စတိုင်လ်အပြည့်နဲ့ ကျောင်းကိုလှမ်း
ချောင်းစပ်မြောင်းစပ် ဗွက်အထပ်ထပ် ရွှံ့ညွှံလမ်း
ရဲဝံ့ဖြတ်သန်း ကျော်လွှားခဲ့ရ

“ စတိုင်လ် ” ရှိမှ “ စတား ” ဖြစ်မလား “ အမှား ” ဖြစ်မလား ကျုပ်မသိဘူး
ကျုပ်အသိက အာရဏ်တတ်
အုန်းမောင်းခေါက်သံတွေ ငြိမ်သက်သွားပြီဆိုရင်
ကပျာကသီ ထမင်းဟင်းချပ်ပြုတ်ပြီး
တစ်လုံးချိုင့် (ဒန်ချိုင့်) ကြိးထဲမှာထည့်
ငစီန်ထမင်းနဲ့ ခရမ်းချဉ်သီး ငါးပိချပ်
နေ့စဉ်တွေ့ဆုံ မိတ်ဆက်နေကျ
ကျောင်းတတ် နေ့လည်စာ ထည့်သယ်သွားရ
ပကာသနမရှိ ၊ ကိုယ့်ဝမ်းစာကိုယ်ပဲဖြည့်ရတာပ ။
နံနက်ခင်း နေခြည်ဥဥ လေပြေနုနု
ကျေးဌက်ကလေးတွေ အဖော်ပြုလို့ရယ်
“ရွာကလေးရေ . . .ညနေစောင်း မျှော်နေနော် ” မှာခဲ့
နေ့စဉ် ရွာနဲ့ ခပ်လှမ်းလှမ်းထိ လိုက်ပို့တဲ့
အမြီးတနှန့်နှန့် ကုပ်ကျားကလေးကို ပြန်ဖို့နှင်
“ရွာကလေးကို စောင့်ရှောက်ပေးပါ ” မှာခဲ့
“ရန်လုံ” ဆိုတဲ့ အမည်တစ်လုံးနဲ့ လိုက်ဖက်အောင်
“ရန်” ကို လုံအောင် ရွာကိုကာကွယ်ပေးလေကွဲ့ ။

( ၃ ) တောသားတို့ ခြေလှမ်း
အို . . . ကြမ်းလှပါဘိ မြန်လှပါဘီ
ငချိုင်းကြိး ထန်းတောညိုညို အုပ်အုပ်တွေ ကျော်လွန်လာရင်ပဲ
မြို့တောင်ဖျား အဝေးပြေး လမ်းမကြီးဆီက
အဝေးပြေးကားသံတွေ တိုးတိုးသဲ့သဲ့ ကြားနေရပြီ
ချုံပုတ်ထဲက လှစ်ကနဲ့ ထပြန်ပြေးတဲ့ ဌက်ငယ်
( မလန့်ပါနဲ့ဟယ် ...)
ကျုပ် မြို့သွား ခြေကျင် ခရီးသည်တစ်ယောက်ပါကွယ်
ဆံပင်ခေါင်းတုံးဆံတောက် သွားခေါခေါ
ပုတတ်တတ် ကျုပ်ပုံပန်းနဲ့
ရွာကနေ မြို့ကျောင်းတတ်လာတဲ့
သုတ်ခြေတင် ခြေလှမ်းတွေကို
“ ဘွားလှမေ ” မြင်စမ်းစေချင်ပါဘိ
ကျုပ်မျက်နာဆိုဆာ ရွှန်းမြ၀င်းပ
တတ်ကြွရွှင်လန်းနေလိုက်ပုံများ ။
မြို့ပြသို့ အ၀င်. . .
တောင်ပြင်ရပ်ကွက်အစွန်ရဲ့ ကွက်သစ်တစ်ခု
မေမြို့ကွက်သစ်ရဲ့တောင်ဖျား
လူသွားလမ်းနဲ့ လှည်းလမ်းတို့ ဆုံရာ
ဒါ . . .“ တောင်ကျောင်းကြ်း” ဆိုတာပေါ့
ဌက်တစ်သောင်း နားလို့ ရတဲ့ သစ်ပင်ကြီးပေါ့
ရင်မှာ တလှပ်လှပ်ဖြစ်ရပေါ့
ကျုပ်ရဲ့ မှတ်စုစာအုပ် မျက်နာဖုံးမှာတော့ဖြင့်
“ မောင်မြတ်ထိန် ( ပွင့်လှလေးရွာ)
ပဉ္စမတန်း ( က ) အထက ( ၁ ) တောင်တွင်းကြီး ” လို့
ကမ္ဗည်းထိုးလိုက်နိုင်ပါပြီ ။
အလိုလေးလေး . . .
ထန်းနောင်းပင် အုတ်အုတ်တွေ စိမ်းသစ်မြရည်လောင်း
“ တောင်ကျောင်းကြိး ” ဆိုတာ နှစ်ထပ်တိုက် ဖွေးဖွေးဖြူဖြူ
ကျောင်းဆောင်တွဲကြိး နှစ်ခုပါလား
တစ်ခုနှင့် တစ်ခု မျက်နာချင်းဆိုင် ပြုံးပြုံးကြီး
ရင်းရင်းနှိးနှိး လက်ဆွဲနှုတ်ဆက်နေကြသလိုမျိုး
သူတို့ချင်း ဆုပ်ကိုင်ထားတဲ့ လက်နှစ်ဖက် အတွင်းမှာ
ပန်းဥယျာဉ်နှင့် ကစားကွင်း၊ စုဝေးကွင်းနှင့် အလံတိုင်
တည်ကြည်ခိုင်မာစေတဲ့ ပုံရိပ်များ ။
“ တောင်ပြင် ၊ မောင်းတိုင် ၊ ရွှေအိုး ၊ အုန်းတော ၊ ရွှေကြာအင်း ” စတဲ့
မြို့ပေါ် ၅ ခုက သူငယ်ချင်း အသစ်တွေ
နောက်တော့ ချစ်သူငယ်ချင်းတွေ ဖြစ်သွားကြ
ချစ်မငြီးခင်မငြီးဖွယ်သူငယ်ချင်းများ
“ တောင်ကျောင်းကြီးမှာ မွေးဖွားခဲ့ကြပလေ . . . ။
မြို့နဲ့ မလှမ်းမကမ်း ရွာစဉ်ကြယ်လေးတွေ
ညောင်ပင်လှ ၊ ဘိုကုန်း ၊ နတ်စင်ကုန်း ၊ ပုဂံကုန်း ၊ သဲကော ၊ ကံပေကြီး ၊စတဲ့ ရွာနီး ချုပ်စပ်က
မြို့ကျောင်းတတ်ဖော် ဘ၀ တူများ
ရိုးရိုးသားသား နိုးနိုးကြားကြား ကြိုးစား ပညာရှာ
ပန်းပေါင်း ရာထောင်တို့ရဲ့ မွှေးရနံ့တို့ လေညှင်းဆောင်ခဲ့ပေါ့

အသီးတစ်ရာ အညှာအစ်ခု အကြောင်း စာဖွဲ့ရရင်ဖြင့်
ဟောဟို့ ရိုးမလွင်ပြင်ရင်ဘက်ကြီးပေါ်
လွမ်းတော်မူလို့ စာကိုစီရင်တောင်အလွမ်းအမျှင်တွေ မပြက်လောက်ဖူး
အဘ “ ဘိုးမင်းဥဏ်” ရယ် . . . တကယ်ပါ ။

( ၄ )
ကျုပ်တို့ သူငယ်ချင်းတတွေ ဆိုးတာများ
ပေလေးပင် ရှင်လေးပါး အကြောင်း
“ ဗိသာနိုး ” ရှေ့ဟောင်းပျူမြို့ အကြောင်း
စို့စို့ပို့ပို့လေး နွေးနွေးထွေးထွေး ပြောဖြစ်ခဲ့ကျတယ်
ရတုကဗျာ ပျို့လကာင်္တွေကို အာနဲ့ လျှာနဲ့
ရင်ခေါင်းသံနဲ့ ရွတ်ဆိုခဲ့ကြတယ်
နီးစပ်ရာ ပုဂံခေတ် ၊ အင်းဝခေတ် အကြောင်း
အားကောင်းမောင်းသန် ပြောဖြစ်ခဲ့ကြတယ်
ရိုးမ ဆင်ခြေလျှော လွင်ပြင်သန့်သန့်မှာ စကားတွေကို
ရင်နဲ့ မဆန့်အောင်အခန့်ပြောဖြစ်ခဲ့ကြတယ် ။
ကျူးကျော်စစ် ဆန့်ကျင်ရေး နယ်ချဲ့ ဆန့်ကျင်ရေး အသားရောင်ခွဲခြားမှု ဆန့်ကျင်ရေး
အနုမြူလက်နတ် ဆန့်ကျင်ရေးတွေ ဟစ်ကြွေးခဲ့တယ်
တရားတဲ့ စစ် ခုခံ စစ် တွန်းလှန်စစ်တွေကို ထောက်ခံခဲ့ကြတယ်
လူဖြူတွေကို ရှုတ်ချ လူမည်းတွေဘက်က ရပ်တည်ခဲ့ကျတယ်
လမင်းကိုသွေးစွန်းအောင်ကြံစည်နေတဲ့
အာကာသယဉ် “ အပိုလို ” ကို အလိုမရှိခဲ့ကြဘူး
စာကူးစက်နဲ့ လက်ကမ်း ကဗျာ စာအုပ်
ခိုးကြောင်ခိုးဝှက် ထုတ်ခဲ့ရတယ် ။
လယ်လုပ်ရင်း တံစဉ်တစ်ဖက် သေနတ်တစ်ဖက်နဲ့
လယ်ကွင်းထဲက မျိုးချစ်ဗီယမ်နမ် ပြောက်ကျားတွေနဲ့ အတူ
ရန်သူ့ အရိုးတွေ ပုံပြီး မီးလှုံခဲ့ကြတယ်
မျိုးချစ်သူရဲကောင်းငုယင်ဗန်ထရိုင်းရဲ့
ကြိုးစင်ပေါ်က ရဲရဲတောက် စကား
ဟိန်းနေအောင် ငါတို့ ကြားခဲ့ကြတယ် . . .
ခုံဖိနပ်စီးတဲ့ ဗီယက်နမ်သမ္မတကြီး ဦးလေး “ ဟို ” ရဲ့ ရုပ်ပုံလွှာ
သူ့ပြည်သူလူထုနဲ့ ရယ်ရယ်မောမော ဓါတ်ပုံ
သတင်းစာထဲမှာ ကြည့်ရ အားကျခဲ့မိတယ်
အာဖရိကဗုံသံတွေကြားမှာ ပန်းရိုင်းတို့ဖူးပွင့်ကခုန်ကြတယ်
ဟီရိုရှီးမားနဲ့ နာဂါဆကီက ဗုံးခွန်တွေထဲမှာ
ချယ်ရီပန်းတွေဝေနေအောင် ထိုးစိုက်လိုက်ကြတယ်
ဇူလိုင် ( ၁၉ ) အာဇာနည်နေ့ တို့မမေ့ဆိုတဲ့အတိုင်း
လွမ်းသူပန်းခွေတွေကို ကိုင်းပြီး စည်းကမ်းတကျ
ကျုပ်တို့ ကျောင်းသားတွေ အတန်းလိုက်တန်းစီ
မြို့လည် ဗိုလ်ချုပ်ကျောက်တိုင်းဆီ
ချီတတ်အလေးပြု ဦးညွတ်ခဲ့ကြ
“ ဒါ တို့ ဗိုလ်ချုပ်အသံပဲ ” ....
လော်စပီကာအသံချဲ့စက်ထဲက ရဲရဲတောက်မိန့်ခွန့်ကြားရ
ကြက်သီးဖျန်းဖျန်းထ အံတွေတင်းကြိတ်ရ
လက်သီးတွေကျစ်ကျစ်ဆုပ် တောက်ခေါက်ရ
နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓါတ်တွေ သွေးဆူကြွခဲ့
အမျိုးသားရေး တိုက်ပွဲတွေမှာ တတ်ကြွနိုးကြား
ဝံသာနု ရက္ခိတ စိတ်ဓါတ်တွေဆိုတာ တဖွားဖွားပေါ့ ။
ပင်နီဖျင်းကြမ်းတိုက်ပုံနဲ့ဖော့ဦးထုပ်ဆောင်း
ခုံဖီနပ်စီးပြီး ကျောင်းတတ်တဲ့ ကျုပ်တို့ အုပ်စုကို
နိုင်ငံရေးသမား ပေါက်စလေးတွေ . .တဲ့ ၊ အနီလေးတွေ . .တဲ့ ။
ကျုပ်တို့တော့ အကျေနပ်ကြီး ကျေနပ်ခဲ့တာ အမှန်ပဲ . . .
ဒါ ၁၉၆၈ ၊ ၆၉ ၀န်းကျင် ။
မြို့တောင်ဘက် အထွက်
ဘိုကုန်းရွာက သူငယ်ချင်းကတော့
သူတို့ရွာထွက် ဌက်ခါးတောင် ထန်းရည်က
ငချိုင့်ကြီး ပင်ကျရေထက် ပုဇွန်ဆိတ်ခုန်ကြောင်းဂုဏ်ယူပြောပြ
ကင်းပွန်တောင်ဆည်ဘက်က သူငယ်ချင်းတွေကတော့
ဒေသထွက် သီးနှံတွေအကြောင်း ၊တောရိပ် ၊ တောင်ရိပ် ၊တောပန်း ၊ တောင်ပန်းတွေ အကြောင်း
ပြောဆိုဖွဲ့နွဲ့ကျ ရန်ပယ်ချောင်းဘက်က သူငယ်ချင်းတွေကတော့
ဗိသာနိုး နောက်ခံ ပန်ထွာဘုရင်မကြီးရဲ့
အတုလစည်ကြီးအကြောင်း
ရန်သူရဲ့ ပရိယာယ်အကြောင်း နောက် . . .


( ၅ ) စိုက်ပျိုးရေးဘာသာပြ ဆရာက
စပါးဘယ်လိုပျိုးနှံ ဘယ်ပုံဘယ်နည်းကျဲ ပဲဘယ်နည်းစိုက်
ဂီတအနုပညာဆရာက
ပတ္တလားလေးနဲ့ ထံတျာတေးရှင်ဂီတတို့ဆွတ်ပျံ့သင်းမြ
သင်လေ ချာလေဆိုရင်တော့
သင်္ချာပြဆရာရဲ့ သစ်သားပေတံစောင်း
လက်ဆစ်တွေပေါ် တဖြောင်းဖြောင်းကျရောက် . . .
“ ဂဲသြမေတြီ ” ပညာနဲ့
ဘ၀ရဲ့ ဒီဂရီတွေကို တွက်ချပ်တည်ဆောက် . . .
မြန်မာပြဆရာက စာဆိုကြိး ဦးကြင်ဥ ရေးဖွဲ့တဲ့
ပဒေသာသီချင်းများနဲ့ အလင်္ကာမြောက်
ငယ်ကဆရာ ဆရာမတွေ ပုံရိပ်က ညှို့ငင်ဖမ်းစားနေဆဲ ။
အထက်တန်း အင်္ဂလိပ်စာ သင်ကြား
ဆရာသမား တစ်ယောက်က
ရှိတ်စပီးယား ပုံပြင်တွေကို ခုံခုံမင်မင်သင်တယ်
အဲဒီ ( Six tales From Shakespeare )
ရှိတ်စပီးယားရဲ့ ပုံပြင် ( ၆ ) ပုဒ်ထဲက
ရင်ကို အထိရှုဆုံးက “ ဂျူးလီးယက်(စ်)ဆီဆာ” Julius Caesar
သူ့နောက်ကျောကို ဓါးနဲ့ အထိုးခံလိုက်ရပြီ
နောက်လှည်ကြည့်လိုက်တော့ သူ့လူ “ ဘရူးတပ်(စ်)” ပါလေ
( You too Brutus,then Fallcaesar )
“ သြော် ဘရူးတပ်(စ်) မင်းလည်းပါတာကိုး ” . . .
သူ . . .မှောက်ကျသွားပြီ လဲကျသွားပြီ သွေးအလူးလူး
အို . . . ကျုပ်တို့ ကျောင်းသားတွေဆိုတာ
အိပ်ငိုက်နေရာက ၀ရုန်းသုန်းကားဖြစ်ကုန်ကျတယ်
အဲဒီကတည်းက ကျုပ်တို့ဟာ နောက်ကျောကို
အကြိမ်ကြိမ် အခါခါ လှည့်ကြည့်မိကြ ။
အင်္ဂလိပ်စာ ဆရာနောက်တစ်ယောက်ကတော့
စဦးတီထွင်သူခုနှစ်ဦး (Seven lnventors ) ထဲက
အိုးထိန်းသည်လေး “ ဂျိုဆီယာ ” အကြောင်းကို သင်တယ်
ဒိကောင် Johsia Wedgwood ခြေမသန်စွမ်းလေးဟာ
မီးရထားကို စီးပြိး သူ့အလုပ်ရှိရာကို သွားရတယ်
သူဆင်းရမယ့်နေရာမှာ ဘူတာ မရှိတော့
ရထားလမ်းဘေး သဲကျင်းလေး ပုံထားပြီး
အဲဒီသဲကျင်းပေါ်ရောက်အောင်
ခုတ်မောင်းနေတဲ့ ရထားပေါ်က ခုန်ချရတယ်
မြေအိုးကို စတင်တည်ထွင် လှလှပပထုတ်လုပ်ဘ၀ကိုရုန်းကန်ကောင်လေး “ ဂျိုဆီယာ ” ဆီက
ကြိုးစားရမယ့် အားမာန်တွေ
ကျုပ်တို့ ရခဲ့တာ အမှန်ပဲ ။
ပန်းချီအနုပညာဆရာက ချွေးအစက်စက်နဲ့ ကျေးလက်ရဲ့ ရှုခင်းတွေကို
တစ်ခုချင်းတစ်ချင်း ရေဆေးတွေနဲ့ မျှောဖွဲ့ ချယ်မှုန်းခဲ့တယ်
သွေ့ခြောက်ပူပြင်းတဲ့ မိုးခေါင်ရေရှား ရပ်ဝန်းဆိုတော့
အစိမ်းအပြာ တို့ကာပင်ကာနဲ့
ခရမ်းတွေအနီတွေ ပျစ်ပျစ်နှစ်နှစ်ဖောက်ယှက်
အပူရောင် အ၀ါရောင်တွေ ရက်ရက်ရောရောသုံးတယ် ။
“ ဓာတုဗေဒ” ဆရာမက ဘယ်ကဟာဘယ်လိုစပ်
ဘယ်ဟာကို ဘယ်လိုပေါင်း ဒြပ်စင် ဒြပ်ရော ဒြပ်ပေါင်း
ကောင်းကောင်းကြိး သင်ပေးတယ်
တပည့်တို့ အတွက်တော့ ဘယ်လို ဒြပ်မျိုးရှိတဲ့ လူတွေကို
ဘယ်လိုပေါင်းရမယ်ဆိုတာ အဲဒီကတည်းက
ဘ၀ ဓာတ်ခွဲခန်း သင်ခန်းစာရခဲ့တယ် ။
အကြောင်းမလှရှာသမို့
ကျောင်းလခငွေက လေးငါးကျပ်တောင်မှ
ချို့တဲ့ရှာတဲ့ တပည်များ
အားမငယ်ကြနဲ့ဟေ့ အားမငယ်ကျနဲ့
မိဘကဲသို့ ဆရာ ဆရာမတွေက စိုက်ထုတ်ပေး
ကြွေးဆပ်စရာ မလို အကြေးလို့ မှတ်စရာ မလို ။

( ၆ )  ကျုပ်တို့ကျောင်းကြီးရဲ့ တောင်ဘက်အထွက်
သင်္ဘောသီးသုပ် နာမည်ကြီးစွ “ ညောင်ပင်လှ ” ဆိုတဲ့ ရွာ
မောင်းတတ်နဲ့ ဥယျာဉ်တွင်း ( ရေတွင်း ) တွေ ရှိတယ်
ရာသီ သီးနှံ ဒေသ ၀မ်းစာတွေ ရှိတယ်
အဲဒီတောင်ဘက် ခရီးဆက်လိုက်တော့
ထန်းတော့စိမ်းညိုညိုနဲ့ ဘိုကုန်းရွာ
ပုစွန်ဆိတ်ခုန်ထန်းရည်ချစ်တဲ့ရွာ
( ခုတော့ သောကြာနေ့တိုင်း နွားပွဲဈေးခင်းတဲ့ရွာ )
ကျုပ်တို့ ကျောင်းတော်သား တစ်စုနဲ့ “ ဘိုကုန်း ” ဆိုတာ
တစ်ခါတလေ လုံးထွေးပက်ရစ် ကျေးလက် သီချင်းတွေဟစ်
ခြေပစ်လက်ပစ်  ထန်းရွက်တဲ့မှာ စိတ်ကူးတွေ သစ်ခဲ့ပေ
ညနေ...ညနေ... စည်တယ်လေ...စည်တယ်လေ ။
ကျောင်းသွားစက်ဘီးတစ်ချို့ ဆိုက်ကားမြင်းလှည်းနဲ့ တစ်ချို့
ခြေကျင်သမားအများစု
ကျောင်းသားကျောင်းသူတို့ ပွက်စီပွက်စီနဲ့
ကျောင်းသွားကျောင်းပြန်ကျသတဲ့
ဆရာကြီးရဲ့ ကြိမ်လုံးထက် ( ကန်တော့ပါ ဆရာကြီး )
ကျောင်းစောင့် ဗိုက်ပူပူနှုတ်ခမ်းစူစူကြီးရဲ့
ကျောင်းတတ်ကျောင်းဆင်းသံကျောင်းခေါက်သံကို နာခံရတယ်
ဆွဲဆွဲငင်ငင်  သံရှည်ညှင်းမြသံချောင်းသံဟာ
ကျောင်းနောက်ကျတဲ့ ခြေလျှမ်းတွေကို တွန်းအား ဖြစ်စေခဲ့တယ် ။
ထနောင်းရိပ်က ဈေးဆိုင်လေးမှာ
ကျောင်းစောင့်ကြိးရဲ့ ချစ်ဇနီးလက်ရာ
ထမင်းသုတ်တစ်ပွဲ ( ၁၀ )ပြား အကြော်နဲ့ ( ၁၅ ) တောင်မှ
တော့သား အနားမကပ်နိုင်ခဲ့ဘူး
တကယ်ဘုရားစူးရစေ့ ။

( ၇ ) နှစ်စဉ် ကျင်းပမြဲ ကျောင်းလယ်ထွန်ပွဲ အိုးပက်သံ ညံမစဲ
မိုးလလယ် ၀ါခေါင်းလ (သြဂုတ်လ) ကျောင်းပိတ်ရက်နေ့ တစ်နေ့
ကျောင်းးတွင် “ စိုက်ပျိုးရေးနေ့ ” ဆိုတာ
ကျုပ်တို့ တောင်ကျောင်းကြီးမှာ ရှိသပ
နုသစ်စိမ်းမြပျိုးပေါက်ပျိုးလက်တွေဆွဲ ၊ ကောက်စိုက်ပွဲ ကျင်းပ
တောက တတ်လာတဲ့ ကျုပ်တို့က ရှေ့ဆုံးကပဲ
လယ်ကိစ္စ အကဲကျွမ်းပြိးသား
ပြီးတော့ ကိုယ့်စာသင်ခန်းမှာ ၊ ကိုယ့်ထမင်း လက်ဆုံစားကြ
“ ပါဆယ်ဂိမ်း ”ကစားကြ သီချင်းဆိုကြ ကခုန်ကြ ပျော်ရွှင်ကြ
သူမက “ အမေ့အိမ် ” သီချင်းဆိုပြတော့
ကျုပ်မှာဖြင့် အမေ့ကိုလွမ်း ရွာကိုလွမ်းလိုက်ရတာ
ပြာလွင်လွင် ဝေဟင်ထဲက ၀ဲလာတဲ့ ဌက်ကလေးကို
အမောတကော ရှာဖွေလိုက်ရတာ
ကျုပ်တို့ ရွာဆီကို စိတ်ထဲက ချပ်ချင်းရောက်သွားပြီ
အဲဒီဘက် အရှေ့ဘက်ကျကျ ရှေ့ရှုးလိုက်ရင်တော့
ရိုးမတောင်ခြေ ရွာသိမ် ရွာငယ်ကလေးများ
ဖြူစင်ရိုးသားမှုတွေနဲ့ မွှန်းထုံပျံ့သင်းနေတဲ့ အိမ်ခြေပြန့်ကြဲကြဲများ ။
တောင်ကျောင်းကြီး အနောက်ဘက်ကပ်လျက်
အဝေးပြေးကားလမ်းမကြီးကတဆင့်
ထက်အောက်စုန်ဆန်မြို့ကြီးပြကြီးတွေဆီ ခရီးပေါက်သတဲ့
တောင်ကျောင်းကြိး အနောက်ဘက် ခပ်လှမ်းလှမ်း
မီးရထားလမ်းမကြိးက တဆင့် တောင်ပေါ်မြေပြန့် ခရီးဆန့်နိုင်သတဲ့ ။
ကျုပ်ဆိုတဲ့  မြတ်ထိန် ကတော့
“ ပွင့်လှလေး ” တွေက လွဲပြိး ဘာကိုမှ စိတ်မ၀င်စားဘူး
လယ်ယာမြေတွေကလွဲပြီး ဘာကိုမှ စိတ်မကစားဘူး
ဆယ်တန်းအောင်ထိ သင်မယ် စိတ်ကူးတယ်
တောင်တွင်းမြို့ပေါ်ကရွှေအင်းတောင်ဘုရားကြိးဖူးရ
ဘုရားပွဲခင်းထဲလယ်ရပက်ရကျေနပ်ပြီ
ရတနာပွင့်လှ ကန်တော်ကြိး အရှေ့ဖျားက
ရတနာပင်စည်ဘုရားနဲ့ နတ်မှီတောရကျောင်း
ဆရာတော်ကြိးဖူးတယ် ကျေနပ်ပြီ
ဆရာတော်သျှင်ဥက္ကဌနဲ့  ဗီယမ်နမ်သမ္မတကြိး ဟိုချီမင်း
ဆရာရင်း တကာရင်းတွေလို
ကမ္ဘာ့ငြိမ်းချမ်းရေး ခရီးစဉ်အမှတ်တရ တွဲရိုက်ထားတဲ့ ဓါတ်ပုံကြီး
ဆရာတော် စာကြည့်တိုက်ထဲမှာ ချိပ်ဆွဲထားတာ ကြည့်ရကျေနပ်ပြီ
ဆရာတော် ကျောင်းဝင်ထဲက ပေလေးပင်ရှင်လေးပါးအထိန်းအမှတ်
“ ရှင်အုံးညို ၊ ရှင်ခေမာ ၊ ရှင်မဟာသီလ၀ံသ ၊ ရှင်ဥတ္တမကျော် ”
အကျော်အမော် စာဆိုတော် ရှင်လေးပါးရဲ့
လေးဘက်လေးတန်ကျောက်စာတိုင်ကြီး မြင်ရ ကျေနပ်ပြီ ။
ဒါတင် ဘယ်ကဥိးမလည်း
မြို့နဲ့ ကျုပ်နဲ့က တစ်စ တစ်စ ရင်းနှီးကျွမ်းဝင်လာခဲ့
တောင်တွင်း ကိုကိုကြိး ရဲ့ “ အမေ ”( ဂေါ်ကီရဲ့အမေ)ကို
ချစ်ခွင့်ရခဲ့တယ်
( တောင်တွင်း ) အောင်သင်းရဲ့ “ ချိုတကူးနဲ့ဂုဏ်ရည်မတူ ” ကို
မျက်ရည်ကျခဲ့ရတယ်
မြို့ဈေးတန်းထဲက အဖွား “ ဒေါ်အုန်းပွင့် ” မုန့်ဟင်းခါး
လျှာဖျားစွဲလမ်းဖူးတယ်
တောင်ပြင် လမ်းဆုံက  အမေတုတ်ရဲ့ မုန့်ပျားသလက်
စွဲစွဲမတ်မတ် ဖြစ်ခဲ့ဖူးတယ်
ရွှေလမင်း ရုပ်ရှင်ရုံညဈေးတန်းက “ အမေကြည် “ရဲ့
ထမင်းသုတ်လည်း
လျှာခလုတ်တိုက်ဖူးတယ်
ပန်ချာပီကျောင်းရှေ့က အကြော်ဆိုင်ရယ်
ဘီးအီးဆိုင်က အစ်ပက်ပြား ၄၀ ရယ်
မြို့လယ်လမ်းဆုံက ဦးကုလား ဘယာကြော်နဲ့
ကိုညွှန့်မောင်ကြီးဆိုင်က ကွမ်းယာရယ်
ပုလဲစာပေနဲ့ ယုဝစာပေက  စုအုပ်တွေရယ်
အေ၀မ်းခေါက်ဆွဲဆိုင်က ခေါက်ဆွဲအမျှင်တန်းတွေရယ်
မီးသတ်မျှော်စင်က နွေခေါင်ခေါင်
မီးသတ်သတိပေး ကြေငြာသံတွေရယ်
ခြူသံလွင်လွင် မြင်းလှည်းလေးနဲ့ ရုပ်ရှင်ကြေငြာတာတွေရယ်တဖြည်းဖြည်းနဲ့
လွမ်းမောဖွယ်ရာတွေအဖြစ် ကျယ်ပြန့်လာတော့တယ်
ဒါတွေဟာ မြို့ကျောင်းကို တတ်ခွင့်ရတဲ့ ကျေးဇူးတွေပေါ့
ရုန်းကန်ခဲ့ရတဲ့ ဘ၀တွေပေါ့
သတိရလို့ ပြောလိုက်ဥိးမယ်
“ ရွှေလမင်း ” နဲ့ “ သြဘာညွှန်း ” ရုပ်ရှင်နှစ်ရုံက
ယုတ္တိ ယုတ္တာမရှိတာအပထား
( တာတေကြီးနဲ့မမြလေး ) သရဲကာတွေ
သိုက်သမိုင်း ကားတွေကြည့်ရ ကျေနပ်တယ် ။
ဘ၀ရဲ့ အမောတွေကို ဘေးမှာ ခနချထား
အူနှိပ်ပြီး ရယ်ရ ( ဟားဟားဟား) ဦးကြယ်နီနဲ့ဒေးစိန်ခင်ဟာသ
သန်းနွဲ့နဲ့ မြင့်ဖေဟာသကား ကြည့်ရကျေနပ်တယ် ။
အမှန်တရားကို ရှေ့ဆောင်လမ်းပြသူများပိုင်အိုနီးယားကြိးတွေရဲ့
( ရွှေဘနဲ့တင်ညွှန့် )ပြည်သူ့ဘက်တော်သား
တောကားတွေ ကြည့်ရ ကျေနပ်တယ် ။
ကိုချပ်ဖောင်းရောင်းတဲ့ မြေပဲဆားလှော်ကို
တစိမ့်စိမ့် အရသာခံဝါးရင်း
ရပ်ကွက်ဘောပွဲ ရင်ပွင့်မတတ်အော်ကြ ဆဲကြ ရန်ဖြစ်ကြသနဲ့
ဘောလုံးဗိုလ်လုပွဲကြည့်ရ လက်သီးလက်မောင်းတန်းခဲ့
ကျုပ်တို့ ကျေနပ်ခဲ့ပါတယ် ကျောင်းသားဘ၀ မြင်ကွင်းကျယ် .... ။

( ၈ )   ခုနေခါမတော့ဖြင့်
ရိုးမလွင်ပြင်  ပန်းရိုင်းတစ်ထွေး တစ်ပွေ့ဟာ
အမွှေးငွေ့ တဝေေ၀ ပန်းပွင့်များဖြစ် အစီအရီ
လောကကို အလှသစ်စေခဲ့ပြီ ။
အမိအဖနှင့်အဓိကရ တူလှစွာသော
အိုဘယ်ကျောင်းတော်ကြိးကား
ပန်းများကို ဖူးပွင့်လန်းမြစေခဲ့သောနှစ်ကာလများကို
မပင်မပန်းမနွမ်မနယ်ဝမ်းနှင့်လွယ်ခဲ့ရ
နှစ်လိုအားရ ပီတိသောမနသာများဝင်းလက်ပျိုမျစ်နုသွက်ဆဲ
မွှေးရနံ့  ဂုဏ်သတင်းများသင့်ပျံ့  ရှင်းသန့်ကျန်းမာဆဲ
စေတနာအနစ်နာ မေတ္တာဓါတ်တို့ဖြင့်ရစ်ပက်နွေးထွေးနေဆဲ ။

( ၉ )   ခုလို ကျုပ်ရင်ဖွင့် ပြနေတာက
သာမန်ကျောင်းသားလေးတစ်ယောက်ရဲ့  သမိုင်း မဟုတ်ဘူး
ကျောင်းတော်ကြီးရဲ့ သမိုင်းလည်း မဟုတ်ဘူး
ခေတ်ပြိုင်လူငယ်တွေရဲ့ ဖြတ်သန်းမှု သမိုင်း
နိုင်ငံရဲ့ သမိုင်း “ နိုင်ငံ ၊ လူငယ် ၊ သမိုင်း ” .... ဖြစ်တယ် ။
ကောင်းလှပါပြီ အဆွေ . . .
ကျုပ်ဘယ်သူဘယ်ဝါဆိုတာ မေ့မသွားရလေအောင်
စကားလက်ဆောင် တခုတ်တရ ပေးလိုက်ပါရစေ
ရိုးမလွင်ပြင်က ပန်းရိုင်းတစ်ပွင့်
ပွင့်လှလေးရွာက မြတ်ထိန်
တောင်ကျောင်းကြီးထွက်ဆို လုံလောက်ပါပြီ ။
နောက်ထပ် မှတ်မိအောင် ပြောလိုက်စမ်းပါမယ်
တောင်ကျောင်းကြီးထွက် ကဗျာဆရာ
မောင်သက်လွှာ ၊ မောင်ကြည်သာ ၊ မောင်ခင်သာ ၊ မောင်သင်းကျော်တို့ရဲ့ သူငယ်ချင်း အရင်းခေါက်ခေါက်
ဒိုးဒိုး ၊ ဒေါက်ဒေါက် ရိုးရိုးဖြောင့်ဖြောင့်
အူမ မတောင့်လည်း
သီလစောင့်ခဲ့တဲ့ တောက  “ မြတ်ထိန်“  ပါ  ။

( ၁၀ )အို .. ရင်နှင့်အမျှ
ချစ်ရပါသော ကျောင်းတော်ကြိးရေ
နောင်နှစ်ပေါင်း ရာထောင်သောင်း
မမေ့စကောင်း ၊ အသက်ရှည်ပါစေကြောင်း
( မြတ်ထိန် အပါအ၀င် )
သူတော်ကောင်း အပေါင်းတို့က
ကောင်းချီးသြဘာ ဥဒါန်းကျူးရင့်လိုက်ပါပြီ ။

ဆရာ ကိုမြတ်ထိန် ခံစားချပ်များကို  ရေးသားတင်ပြလိုက်ပါတယ် ခင်ဗျာ . .  . .။

No comments:

Post a Comment